သဘာဝပတ်ဝန်းကျင် ညစ်ညမ်းလာမှုကို ကာကွယ်ဖို့အတွက် ကမ္ဘာ့နိုင်ငံအသီးသီးဟာ ပလတ်စတစ် အသုံးပြုမှုကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ လျှော့ချဖို့ ကြိုးပမ်းနေကြတာပါ။
ပလတ်စတစ် အစားထိုး ထုတ်ကုန်တွေကို နည်းပညာတွေ အကူအညီနဲ့ ထုတ်လုပ်လာနေကြပြီး အခုတခါမှာဆိုရင်လည်း ပီရူးနိုင်ငံက သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လူငယ် အဖွဲ့အစည်းတခုဟာ ငှက်ပျောရွက်တွေကို အသုံးပြုပြီး တခါသုံးခွက်တွေအဖြစ် ထုတ်လုပ် ဖန်တီးလိုက်ပြီ ဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားတဲ့ လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီအဖွဲ့အစည်းဟာဆိုရင်တော့ “Bio Plant”လို့ခေါ်တဲ့ ဒီပရောဂျက်ကို အစိုးရရဲ့ ကူညီထောက်ပံ့ပေးမှုနဲ့ လုပ်ကိုင်နေတာပါ။
ငှက်ပျောရွက်တွေကို အသုံးပြုပြီး ဖန်တီးထုတ်လုပ်လိုက်တဲ့ ဒီတခါသုံး ပလတ်စတစ်ခွက်တွေဟာဆိုရင် သာမန် ပလတ်စတစ် တခါသုံးခွက်တွေလို ပျက်စီးဖို့အတွက် အချိန်နှစ်ပေါင်းများစွာ စောင့်ဆိုင်းစရာ မလိုဘဲ ရက်ပေါင်း ၆၀ အတွင်း သဘာဝအတိုင်း အလွယ်တကူ ပျက်စီးသွားမှာပဲ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ငှက်ပျောရွက်တွေကို ကုန်ကြမ်းအဖြစ် အသုံးပြုပြီး တခါသုံးခွက်၊ ပန်းကန်၊ ဇွန်း၊ ခက်ရင်းစတာတွေကို အကြမ်းထည်အားဖြင့် ထုတ်လုပ်ထားတာဖြစ်ပြီး သိပ်မကြာခင်မှာ စက်ပစ္စည်းအကူအညီတွေနဲ့ ပိုမို သပ်ရပ် ကောင်းမွန်တဲ့ တခါသုံး အသုံးအဆောင်ပစ္စည်းတွေကို ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီငှက်ပျောရွက် တခါသုံးခွက်တွေကို ပလတ်စတစ် တခါသုံးခွက်တွေလိုပဲ အပူဒဏ်ကို ခံနိုင်ရည်ရှိပြီး သယ်ယူထုပ်ပိုးရ လွယ်ကူအောင် ဖန်တီးထုတ်လုပ်ထားတာဖြစ်ပြီး တလကို ငှက်ပျောရွက် တခါသုံး ခွက်ပေါင်း ၅ သောင်းနီးပါးခန့် ထုတ်လုပ်ဖြန့်ချိသွားမယ်လို့လည်း သိရပါတယ်။
ငှက်ပျောရွက် တခါသုံးခွက်တွေကို ပလတ်စတစ် တခါသုံးခွက်တွေလိုပဲ ဆိုဒ်အမျိုးမျိုး၊ ပုံသဏ္ဍာန် အမျိုးမျိုး နဲ့ ထုတ်လုပ်သွားမှာ ဖြစ်ပြီး ပလတ်စတစ် ခွက်တွေလို ဓာတုပစ္စည်းတွေ မပါဝင်တာကြောင့် အပူဒဏ်နဲ့ ထိတွေ့တဲ့အခါ ကျန်းမာရေးကို ထိခိုက်စေတာမျိုး မဖြစ်နိုင်ဘူးလို့လည်း သိရပါတယ်။
Ref. www.intelligentliving.com
You may also like these stories:
ပလတ်စတစ် ညစ်ညမ်းမှုကို လျှော့ချနိုင်ဖို့ မိမိကိုယ်တိုင် ပြုလုပ်နိုင်မယ့် နည်းလမ်းများ
သမုဒ္ဒရာထဲက အမှိုက်တွေကို ဖယ်ရှားပေးနိုင်မယ့်စက်ကို တီထွင်လိုက်တဲ့ ဒတ်ချ်အမျိုးသား
စွန့်ပစ်ပစ္စည်းတွေ သုံးပြီး လမ်းဘေးခွေးတွေအတွက် အိမ်ဆောက်ပေးခဲ့တဲ့ မက္ကဆီကန် ကလေးငယ်များ
ပလတ်စတစ်ဘူးပေါင်း ၆ သိန်းကျော်ကို အသုံးပြုပြီး မုန်တိုင်းဒဏ်ခံ အိမ်တလုံး ကနေဒါမှာ တည်ဆောက်