Nike ကုမ္ပဏီကြီးကတော့ BigBang အဖွဲ့ခေါင်းဆောင် G-Dragon နဲ့အတူ ပူးပေါင်းလုပ်ဆောင်သွားမယ့် အစီအစဉ်တခုကို ချပြခဲ့ပါတယ်။ ဒါဟာ အောက်တိုဘာ ၂၆ ရက်က စစ်မှုထမ်းတာဝန် ပြီးဆုံးပြီး နောက်ပိုင်း G-Dragon ရဲ့ ပထမဆုံး လှုပ်ရှားမှုလည်း ဖြစ်ပါတယ်။
နိုဝင်ဘာလ ၄ ရက်နေ့က Nike’s Air Force 1 PARA-NOISE လို့ နာမည်ပေးထားတဲ့ အကန့်အသတ်နဲ့ ရောင်းချမယ့် Special Edition ဖိနပ်တွေကို ထုတ်လုပ်သွားမယ့်အကြောင်း Nike ဘက်က ပြောပြခဲ့ပါတယ်။ G-Dragon ရဲ့ PeaceMinusOne နဲ့အတူ ပူးပေါင်းမယ့် အဆိုပါ Edition အောက်မှာ စုစုပေါင်း ဖိနပ် ၈၈ ရံပဲ ထုတ်လုပ်သွားဖို့ စီစဉ်ထားပါတယ်။
G-Dragon ကလည်း Nike နဲ့အတူ ပူးပေါင်းလုပ်ဆောင်သွားမယ့် အကြောင်းကို သူ့ IG အကောင့်ကနေ ဖန်တီးထားတဲ့ AF1 PARA-NOISE ဖိနပ်တရံကို ချပြခဲ့ပါသေးတယ်။
AF1 PARA-NOISE ကို အနုပညာ၊ ဂီတ၊ ဖက်ရှင်၊ အားကစား စတဲ့ နယ်ပယ်ပေါင်းစုံအတွက် ကိုက်ညီအောင် ဖန်တီးသွားမှာဖြစ်ပြီး G-Dragon ကိုယ်တိုင်ဖန်တီးမယ့် ဒီဖိနပ်တွေမှာ PeaceMinusOne ရဲ့ Logo ဒေစီပန်းတွေ အပြင် သူ့စိတ်ကြိုက် ဖန်တီးထားတဲ့ Graffiti ပုံစံတွေလည်း မြင်တွေ့ရဖို့ ရှိပါတယ်။
“AF1 PARA-NOISE မှာ G-Dragon ချပြချင်တဲ့ ဒီဇိုင်းတွေ အကုန်လုံးကို မြင်တွေ့ရမှာပါ။ သူ့မှာရှိပြီးသား ခံစားမှုတွေ၊ လက်ရှိစိတ်ကြိုက် အိုင်ဒီယာတွေအပြင် ရှေ့ဆက်ဖန်တီးမှု အသစ်တွေကိုပါ ကျနော်တို့နဲ့အတူ ပူးပေါင်း လုပ်ဆောင် ချပြသွားမှာပါ” Nike က တာဝန်ရှိသူတဦးက ဆိုပါတယ်။
အဆိုပါ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး G-Dragon ကလည်း “ကျနော်တို့ရဲ့ လုပ်ဆောင်ချက်က အမြင်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံ၊ အခြေအနေပေါင်းစုံကို ပြောင်းလဲပစ်မယ့် ပုံစံအသစ်ကို ချပြသွားမှာပါ။ မျိုးဆက် တခုချင်းစီအတွက် အမြဲထိပ်ဆုံးမှာ ရပ်တည်နေတဲ့ icon တခုဖြစ်တဲ့ Nike နဲ့အတူ ကျနော်ရဲ့ အတွေ့အကြုံတွေ နဲ့ ပုံဖော်သွားမှာပါ” လို့ ဆိုပါတယ်။
AF1 PARA-NOISE ကို နိုဝင်ဘာ ၂၃ ရက်နေ့မှာ Nike ကနေ တရားဝင်ဖြန့်ချိ ရောင်းချသွားမှာ ဖြစ်သလို ကိုရီးယားမှာလည်း သီးသန့်ရောင်းချပေးသွားမယ့် အစီအစဉ်တွေ ရှိပါတယ်။
“တပါးသူအပေါ် ယုံမှားသံသယ လွန်ကဲတယ်” လို့ အဓိပ္ပာယ်ရတဲ့ AF1 PARA-NOISE တရံချင်းစီကို G-Dragono စိတ်ကြိုက်ဖန်တီးမယ့် လက်ရာတွေနဲ့ ချပြသွားမှာဖြစ်သလို ဖိနပ်ထည့်တဲ့ ဘူးခွံအိတ်ကိုလည်း ကိုရီးယားလို Just Do It ဆိုပြီး Nike သင်္ကေတနဲ့ ပေါင်းစပ်ထားပါတယ်။
Ref:Soompi