ဂျပန်နိုင်ငံမှာရှိတဲ့ Microsoft ကုမ္ပဏီရုံးခွဲမှာ အလုပ်ချိန် တပတ် ၄ ရက် စမ်းသပ် ပြောင်းလဲခဲ့ချိန်အတွင်း ယခင်ထက် ဝန်ထမ်းတွေ တက်ကြွ ပျော်ရွှင်လာတဲ့အပြင် လုပ်ငန်းစွမ်းဆောင်ရည်လည်း ပိုမြင့်လာတယ်လို့ ဆိုပါတယ်။
သြဂုတ်လကစပြီး ဂျပန်နိုင်ငံမှာရှိတဲ့ Microsoft ရုံးခွဲကို စီမံကိန်းအသစ်အဖြစ် Work-Life မျှတစေမယ့် စိန်ခေါ်မှု တရပ်ကို ယူဆောင်လာခဲ့ပါတယ်။ ဝန်ထမ်းအင်အား ၂၃၀၀ ကျော်ရှိတဲ့ ရုံးခွဲမှာ သောကြာနေ့ကိုပါ ပိတ်ရက်အဖြစ် ထည့်သွင်း သတ်မှတ်ခဲ့သလို ဒီအတွက်လည်း လစာလျှော့ပစ်တာမျိုး မရှိခဲ့ပါဘူး။
စမ်းသပ်ကာလ သြဂုတ်လ တလအတွင်းမှာပဲ သောကြာနေ့ကို ပိတ်ရက်အဖြစ် တိုးပေးခဲ့ချိန်မှာ ဝန်ထမ်းတွေဘက်မှာလည်း စိတ်အားတက်ကြွလာသလို လုပ်ငန်း စွမ်းဆောင်ရည်ပိုင်းလည်း အရင်ထက် ၄၀ ရာခိုင်နှုန်း တိုးတက်လာတာကို တွေ့ရှိခဲ့ကြပါတယ်။
Work-Life စီမံကိန်းရဲ့ တစိတ်တပိုင်းအဖြစ် ကုမ္ပဏီဘက်က နောက်ထပ် အပိုထပ်ဆောင်းအဖြစ် ဝန်ထမ်းတွေအတွက် မိသားစုအားလပ်ရက် အပန်းဖြေခရီးစရိတ်ကို အမေရိကန် ဒေါ်လာ ၉၂၀ (ဂျပန် ယန်းငွေ ၁ သိန်း) ထပ်မံ တိုးမြှင့်ပေးခဲ့ပြန်ပါတယ်။
“အလုပ်ချိန်နည်းသွားမယ်၊ အနားယူချိန် ပိုများလာမယ်၊ လုပ်ငန်းစွမ်းဆောင်ရည် ပိုကောင်းလာမယ်။ ဒီရည်ရွယ်ချက်တွေနဲ့ လုပ်ဖြစ်ခဲ့တာပါ။ ကျနော်တို့ ကုမ္ပဏီက ဝန်ထမ်းတွေကို အလုပ်ချိန် တရက် လျော့သွားပေမယ့် အရင် အချိန်ပြည့် ၅ ရက်လုံး လုပ်ခဲ့တဲ့အတိုင်း အလုပ်တွေပြီးမြောက်တယ်ဆိုတာ သိစေချင်တာပါ” လို့ Microsoft Japan CEO Takuya Hirano က ဆိုပါတယ်။
ဒါ့ပြင် လုပ်ငန်းစွမ်းဆောင်ရည် ပိုကောင်းလာကြသလိုပဲ ဝန်ထမ်းတွေ အလုပ်ချိန်အတွင်း အနားယူချိန် ၂၅ ရာခိုင်နှုန်းလောက် လျော့နည်းသွားသလို၊ လျှပ်စစ်အသုံးပြုမှု အရင်ထက် တပတ်ကို ၂၃ ရာခိုင်နှုန်း လျော့ချနိုင်ခဲ့ပါတယ်။ အလုပ်အတွက် လိုအပ်တဲ့ စာရွက်အသုံးပြုတာလည်း ၅၉ ရာခိုင်နှုန်းလောက် လျှော့ချနိုင်ခဲ့တာမို့ ဝန်ထမ်းအားလုံးရဲ့ ၉၂ ရာခိုင်နှုန်းကျော်လောက်က တပတ် ၄ ရက် အလုပ်လုပ်ရတာကို နှစ်သက်တယ်လို့ ဆိုပါတယ်။
တပတ် ၄ ရက် အလုပ်ချိန်သတ်မှတ်တာဟာ Microsoft Japan ကုမ္ပဏီတခုတည်း စတင်လုပ်ဆောင်ခဲ့တာ မဟုတ်ပါဘူး။ ၂၀၁၈ ခုနှစ်တုန်းကလည်း နယူးဇီလန်နိုင်ငံက ဝန်ထမ်း ၂၄၀ ကျော်ရှိတဲ့ Perpetual Guardian ကုမ္ပဏီမှာလည်း အလုပ်ချိန် တပတ် ၄ ရက် သတ်မှတ်ခဲ့ဖူးပါတယ်။
၂ လကျော်လောက် သတ်မှတ်ခဲ့ချိန်အတွင်းမှာ ဝန်ထမ်းတွေရဲ့ စိတ်ဖိစီးမှုအခြေအနေ ၇ ရာခိုင်နှုန်းကျော်လောက် လျှော့ချနိုင်ခဲ့သလို အရင်ထက် အလုပ်ပြီးမြောက်မှု ပိုများခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် HR firm တခုဖြစ်တဲ့ Robert Half က ဝန်ထမ်း ၁,၅၀၀ ကျော်နဲ့ HR မန်နေဂျာ ၆၀၀ ကျော်ကို စစ်တမ်းကောက်တဲ့အခါ အများစုက အလုပ်ချိန် တပတ်ကို ၅ ရက်ထက် နည်းတာမျိုး လိုချင်ကြတယ်လို့ ကောက်ယူ ရရှိခဲ့ပါတယ်။
Ref: The Guardian