Joe Whale ဆိုတဲ့ အသက် ၉ နှစ်အရွယ်ကောင်လေးဟာ ကျောင်းမှာ ပုံတွေပဲ ဟိုခြစ်ဒီခြစ် တချိန်လုံးလုပ်နေလို့ စာသင်ခန်းထဲမှာ အမြဲအဆူခံနေရတဲ့ ကောင်လေးတယောက်ပါ။ စာသင်နေချိန်တွေမှာ မှတ်စုစာအုပ်တွေပေါ် ပုံတွေပဲ လျှောက်ဆွဲနေတာကြောင့် မကြာခဏ မိဘအခေါ်ခံရပြီး ကျောင်းမှာ အမြဲ ပြဿနာတက်လေ့ ရှိပါတယ်။
အတန်းထဲမှာ အမြဲတမ်း ပြဿနာတွေ တက်နေပေမယ့် Joe ရဲ့မိဘတွေကတော့ မပိတ်ပင်တဲ့အပြင် ကျောင်းဆင်းတာနဲ့ ပန်းချီအနုပညာတန်းကို ပို့ပေးနေသူတွေလည်း ဖြစ်ပါတယ်။
ဒီလိုမျိုး ပုံတွေလျှောက်ဆွဲလို့ စာသင်ခန်းထဲမှာ အမြဲ ပြဿနာ တက်နေတဲ့ Joe ရဲ့ အနုပညာပါရမီကို သူ့ရဲ့ ဆရာဖြစ်သူက သတိထားမိသွားပြီး ဆွဲထားတဲ့ပုံတွေကို Instagram ကနေ အမြဲလိုလို မျှဝေဖြစ်ခဲ့ပါတယ်။ ၉ နှစ်အရွယ် ကောင်လေး ဆွဲထားတဲ့ပုံတွေကို Shrewsbury မှာရှိတဲ့ Number 4 စားသောက်ဆိုင်ပိုင်ရှင်ဟာ သတိထားမိသွားပြီး သူတို့စားသောက်ဆိုင်ရဲ့ နံရံတွေပေါ်မှာ Doodle ပုံတွေနဲ့ အလှဆင်ဖို့ ကမ်းလှမ်းခဲ့ပါတော့တယ်။
ကျောင်းဆင်းတဲ့အချိန်တိုင်း Joe ရဲ့ဖခင်ဖြစ်သူဟာ စားသောက်ဆိုင်ဆီ ကားမောင်းပို့ပေးပြီး စားသောက်ဆိုင် နံရံတွေမှာ သားဖြစ်သူ Joe တယောက် စိတ်ကြိုက် ပုံဆွဲခွင့်ရအောင် ကူညီပေးခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး Joe ရဲ့ဖခင်ဖြစ်သူ Greg က အခုလို ပြောပါတယ်။
“Joe က ပုံဆွဲတော်တဲ့ ကလေးတယောက်ပါ။ ကျောင်းစာမှာတော့ သူ သိပ်စိတ် မပါပေမယ့် ပုံဆွဲတာတော်တာရယ်၊ အားကစားဘက်မှာ သူစိတ်ဝင်စားတာရယ်ကြောင့် သူ့အတွက် ဘယ်လိုပဲဖြစ်ဖြစ် ဂုဏ်ယူရပါတယ်။ အခုလို ၉ နှစ်သားအရွယ်ကောင်လေးကို သူကျွမ်းကျင်တဲ့ အလုပ်တခုအတွက် အလုပ်အပ်တောင်းဆိုတယ်ဆိုတော့ မယုံနိုင်အောင်လည်း ဖြစ်ရပါတယ်။ နောက်ပြီး ဒီအခွင့်အရေးဟာ Joe အတွက် ပရော်ဖက်ရှင်နယ်တယောက်ဖြစ်ဖို့ လမ်းကြောင်းအစလည်း ဖြစ်ပါတယ်”လို့ ဆိုပါတယ်။
အခုဆိုရင်တော့ Joe ဟာ အရင်လို ကျောင်းမှတ်စု စာအုပ်တွေမှာပဲ ပုံတွေလျှောက်ဆွဲတဲ့ ကောင်လေး မဟုတ်တော့ဘဲ သူ့ကိုယ်ပိုင် ဝက်ဘ်ဆိုက်မှာ သူရေးဆွဲထားတဲ့ အနုပညာလက်ရာပုံတွေကြောင့် လူသိများအောင်မြင်နေပြီပဲ ဖြစ်ပါတယ်။