ဂျပန်နိုင်ငံမှာ လာမယ့် ၂၀၂၀ ခုနှစ်ကနေစပြီး ဈေးဝယ်စင်တာတွေ၊ စတိုးဆိုင်တွေနဲ့ စူပါမားကတ်တွေမှာ ပလတ်စတစ်အိတ်တွေ အသုံးပြုရင် အခကြေးငွေ ကောက်ခံတော့မှာပဲ ဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပလတ်စတစ်အသုံးပြုမှု လျှော့ချဖို့အတွက် အစီအစဉ်တွေ အမျိုးမျိုးနဲ့ ဆောင်ရွက်နေကြသလို ဂျပန်နိုင်ငံမှာဆိုရင်လည်း လာမယ့် နွေရာသီကနေစပြီး ပလတ်စတစ် အသုံံးပြုမှု လျှော့ချရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ပလတ်စတစ်အိတ် အသုံးပြုမှုကို ကန့်သတ်လျှော့ချတော့မှာပဲ ဖြစ်ပါတယ်။
လောလောဆယ်မှာတော့ ပလတ်စတစ်အိတ်တွေ အသုံးပြုတဲ့အခါ တအိတ်ကို ဘယ်လောက်ဆိုပြီး အခကြေးငွေ သတ်မှတ်ထားတာမျိုး မရှိသေးပေမယ့် အသုံးပြုတဲ့ ပလတ်စတစ်အိတ် အရေအတွက်ပေါ် မူတည်ကာ ကျသင့်ငွေ ကောက်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို ပြုလုပ်ရတာဟာ ဂျပန်အစိုးရအနေနဲ့ ပြည်သူတွေဆီက အခွန်ကောက်ခံလိုခြင်းကြောင့် မဟုတ်ဘဲ ဈေးဝယ်တဲ့အခါ ဈေးဝယ်အိတ်ကို အိမ်ကနေ ယူဆောင်လာတတ်တဲ့ အလေ့အကျင့်ကို တိုက်တွန်းလိုတာဖြစ်ပြီး ပလတ်စတစ်ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျော့နည်းစေလိုခြင်း ရည်ရွယ်ချက်ကြောင့်ပဲ ဖြစ်ပါတယ်။
ဇွန်လက ကျင်းပခဲ့တဲ့ G20 စီးပွားရေးလုပ်ငန်းစု အစည်းအဝေးမှာ ပင်လယ်သမုဒ္ဒရာတွင်းက ပလတ်စတစ်တွေ လျှော့ချဖို့ကို သဘောတူညီခဲ့တာဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ကမ်ပိန်းသမားတွေဟာ ဂျပန်နိုင်ငံအနေနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် အလေးမထားဘူးလို့ ဝေဖန်ခဲ့တာကြောင့်လည်း အခုလို ပြုလုပ်ဖို့ စီစဉ်ခဲ့တာပါ။
UN အနေနဲ့ကလည်း အာရှတွင်းနိုင်ငံတွေဟာ ပလတ်စတစ်လျှော့ချရေးနဲ့ သဘာဝပတ်ဝန်းကျင် အရေးမှာ ဂရုစိုက်မှု အားနည်းနေတယ်လို့ ဝေဖန်ခဲ့တဲ့အပြင် ဂျပန်နိုင်ငံဟာ ပလတ်စတစ် ထုတ်ကုန်တွေ များတယ်လို့ ထောက်ပြခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။
ဂျပန်နိုင်ငံအနေနဲ့ကတော့ ပလတ်စတစ်တွေကို Recycle ပြန်လုပ်ဖို့ နိုင်ငံခြားကို တင်ပို့နေတာမျိုးတွေရှိပြီး နိုင်ငံတွင်းမှာလည်း Recycle ပြန်လုပ်လေ့ရှိကြောင်း ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် နိုင်ငံအသီးသီးက ပြုလုပ်နေတဲ့ ပလတ်စတစ်လျှော့ချဖို့ လုပ်ငန်းစဉ်မှာတော့ ဂျပန်နိုင်ငံဟာ အာရှတွင်းနိုင်ငံ တနိုင်ငံနေရာကနေ ပါဝင်လာပြီပဲ ဖြစ်ပါတယ်။
Ref. Channelnewasia