ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်းမှာ ဂျပန်နိုင်ငံ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျဆင်းလာတယ်ဆိုပေမယ့် လူငယ်တွေကြားမှာတော့ အထူးသဖြင့် ကျောင်းသားတွေကြားမှာ စိုးရိမ်စရာ အမြင့်ဆုံးအဆင့်ကို ရောက်နေတယ်လို့ သိရပါတယ်။
၂၀၁၈ ခုနှစ်မှာ အခြေခံ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသား ၃၃၂ ဦး ကိုယ့်ကိုယ်ကို သတ်သေခဲ့တယ်လို့ ဂျပန်နိုင်ငံ ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။
အဆိုပါ စာရင်းအရ ၂၀၁၈ ခုနှစ်အတွင်း သတ်သေနှုန်းထားဟာ ၂၀၁၇ ခုနှစ်ကထက် ၃၃ ရာခိုင်နှုန်း မြင့်တက်လာသလို ၁၉၈၈ နောက်ပိုင်း အမြင့်ဆုံးအဆင့်ကို ရောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ စုစုပေါင်း ၃၃၂ ဦးထဲမှာ အထက်တန်းကျောင်းသား ၂၂၇ ဦး၊ အလယ်တန်း အယောက် ၁၀၀ နဲ့ မူလတန်းက ၅ ဦးပါဝင်ခဲ့တယ်လို့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
ကိုယ့်ကိုယ်ကို သတ်သေမှုတွေထဲမှာ အထက်တန်း ကျောင်းသား အရေအတွက် တနှစ်ထက်တနှစ် ပိုများလာပြီး ၂၀၁၈ ခုနှစ်အတွင်းမှာ ၄၂ ရာခိုင်နှုန်းထိ မြင့်တက်လာတာ ဖြစ်ပါတယ်။ သတ်သေခဲ့တဲ့ ၃၃၂ ဦးထဲမှာ မိန်းကလေး ၁၃၉ ယောက်နဲ့ ယောက်ျားလေး ၁၉၃ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။
အမျိုးသားရဲဌာန အေဂျင်စီက ထုတ်ပြန်ချက်အရ ဂျပန်နိုင်ငံတဝှမ်း ၂၀၀၃ ခုနှစ်ဟာ ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်း အမြင့်ဆုံးဖြစ်ခဲ့ပြီး စုစုပေါင်း ၃၄,၄၂၇ ဦးထိ ရှိခဲ့ပေမယ့် နောက်ပိုင်း တဖြည်းဖြည်းနဲ့ လျော့နည်းလာတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း ယခုနှစ် နောက်ပိုင်းမှာ ကျောင်းသားလူငယ်တွေ သတ်သေမှုနှုန်း မြင့်တက်လာတာဟာ စိုးရိမ်စရာ အခြေအနေ ဖြစ်နေပြီလို့ ဆိုပါတယ်။
၂၀၀၆ ခုနှစ်မှာ ကလေးအယောက် ၁ သိန်းကို သတ်သေမှုနှုန်း ၁ ဒဿမ၂ ရာခိုင်နှုန်းရှိပေမယ့် ၂၀၁၈ ခုနှစ်မှာတော့ အယောက် ၁ သိန်းမှာ ၂ ဒဿမ ၅ ရာခိုင်နှုန်းထိ အမြင့်ဆုံးအဆင့်ကို ရောက်လာခဲ့ပါတယ်။ သတ်သေတဲ့ အကြောင်းရင်းတွေထဲက အများဆုံးကတော့ ၁၂ ဒဿမ ၃ ရာခိုင်နှုန်းက အိမ်တွင်းရေး အဆင်မပြေမှုတွေကြောင့်ဖြစ်ပြီး သူ့နောက်မှာတော့ ၉ ရာခိုင်နှုန်းက မိသားစုရဲ့ ပြစ်တင်ဝေဖန်မှုတွေကြောင့် သတ်သေခဲ့ကြတာပါ။
အနိမ့်ဆုံးဖြစ်တဲ့ ၂ ဒဿမ ၇ ရာခိုင်နှုန်းကတော့ ကျောင်းတွင်းအနိုင်ကျင့် အကြမ်းဖက်မှုတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ကျန်ရှိနေတဲ့ ၆၀ ရာခိုင်နှုန်းနီးပါးကတော့ အကြောင်းရင်း သေချာ မရှိဘဲ သတ်သေခဲ့ကြတာကို တွေ့ရပါတယ်။
Ref: Nippon.com
You may also like these stories:
ကမ္ဘာတဝှမ်းမှာ တနှစ်တခြား ပိုတိုးလာတဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုများ
အသက် ၁၀၀ နဲ့ အထက် လူပေါင်း ၇ သောင်းကျော် ရှိနေတဲ့ ဂျပန်နိုင်ငံ