ရာသီဥတုပြောင်းလဲလာမှုနဲ့ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှု၊ နှစ်စဉ်ကြုံတွေ့နေရတဲ့ သဘာဝ ဘေးအန္တရာယ်တွေ စတာတွေဟာ လူသားတိုင်း သိထားသင့်တဲ့ အကြောင်းအရာတခုပါ။ အီတလီနိုင်ငံမှာတော့ ပြောင်းလဲလာတဲ့ ရာသီဥတုနဲ့ သဘာဝဘေးအန္တရာယ်တွေအကြောင်းကို ကလေးတွေအားလုံးရဲ့ ကျောင်းစာသင်ရိုးညွှန်းတမ်းတွေထဲမှာ ထည့်သွင်းသင်ကြားသွားတော့မယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါပြီ။
လာမယ့် စာသင်နှစ်ကစပြီး နိုင်ငံပိုင် စာသင်ကျောင်းအားလုံးမှာ ရာသီဥတု ပြောင်းလဲရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာတွေကို တပတ်မှာ ၄ နာရီနှုန်းနဲ့ မပါမဖြစ် သင်ကြားသွားရမှာဖြစ်တယ်လို့ အီတလီနိုင်ငံ ပညာရေးဝန်ကြီး Lorenzo Fioramonti က ထုတ်ပြန်ကြေညာလိုက်တာပါ။
သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှု၊ ဂေဟစနစ် ထိခိုက်လာမှုနဲ့ ရာသီဥတုပြောင်းလဲမှု စတာတွေကို သိရှိနိုင်ဖို့နဲ့ ကာကွယ်နိုင်ဖို့အတွက် လုပ်ဆောင်နိုင်တဲ့အထဲမှာ ပညာရေးစနစ်ဟာ အဓိကနေရာကနေ ပါဝင်တာကြောင့် စာသင်ကျောင်းတွေမှာ သင်ကြားပေးသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ်အသစ်ကို တိုးချဲ့သင်ကြားလိုက်ရတဲ့အတွက် တခြားသော ဘာသာရပ်တွေမှာ ထိခိုက်မှု မရှိရအောင် သင်ကြားနည်းစနစ်ကို အဆင့်မြှင့်တင်သွားမှာ ဖြစ်တယ်လို့ ပါမောက္ခဟောင်း Fioramonti က ဆိုပါတယ်။
Mr. Fioramonti ဟာဆိုရင်တော့ သဘဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူတဦးဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင် အရေးနဲ့ ပတ်သက်လာရင် ကျောင်းမှာအတန်းတက်ဖို့ ပျက်ကွက်သင့်ရင် ပျက်ကွက်ရမယ်လို့ ပြောခဲ့တာကြောင့် ကျောင်းသားမိဘတွေရဲ့ ဝေဖန်တိုက်ခိုက်မှုတွေကို ခံနေရသူတဦးလည်း ဖြစ်ပါတယ်။
“လာမယ့်နှစ်တွေမှာ ရာသီဥတုပြောင်းလဲလာမှုနဲ့ သဘာဝဘေးအန္တရာယ်တွေကို ရင်ဆိုင်ရဖို့ အလားအလာတွေက ပိုများနေပါတယ်။ ဒါတွေကို နောင်လာမယ့် မျိုးဆက်တွေ သိထားဖို့ လိုအပ်သလို ကာကွယ်ရမယ့် နည်းလမ်းတွေကို သိထားရပါမယ်။ ကျောင်းမှာထိုင်ပြီး စာသင်တာကလည်း သင်တာပေါ့၊ ဒါပေမယ့် ကမ္ဘာကြီးရဲ့ အခြေအနေကိုလည်း လျစ်လျှူရှုမထားသင့်ပါဘူး” လို့ စီးပွားရေး ပါမောက္ခဟောင်း Fioramonti က ဆိုပါတယ်။
Ref. www.nytimes.com