အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံး ကုန်းတွင်းပိုင်း ရေငန်အိုင်အနီးအနားမှာ ငှက်အကောင်ရေ ၁၀၀၀ ကျော် ထက်မနည်း သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သစ်တောဌာနရဲ့ အကြီးတန်းအရာရှိတဦးက BBC သတင်း ဌာနကို ပြောခဲ့ပါတယ်။
ငှက်များ သေဆုံးမှုဟာ အိန္ဒိယနိုင်ငံ မြောက်ပိုင်း ရာဂျက်စတန်ပြည်နယ်၊ ဂျိုင်ပူးရ်မြို့ရဲ့ အနောက်တောင် ဘက် ၄၉ မိုင်အကွာမှာ ရှိတဲ့ ဆမ်ဘ်ဟာ ရေကန်အနီးတဝိုက်မှာ သေဆုံးမှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
သေဆုံးနေတဲ့ ငှက်များထဲမှာ နှစ်စဉ်ရေကန်ကို လာရောက်လေ့ရှိတဲ့ ငှက်များအပြင် အခြား ငှက်မျိုး စိတ်ပေါင်းများစွာ ပါဝင်နေခဲ့တာလို့ သိရပါတယ်။ ငှက်များ သေဆုံးခြင်းရဲ့ အကြောင်းရင်းကို မသိရသေးပေမယ့် အစိုးရအဖွဲ့တွေက စုံစမ်းမှုတွေ ပြုလုပ်စစ်ဆေးလျက် ရှိပါတယ်။
“သေဆုံးသွားတဲ့ ငှက်တွေကို ဆက်ပြီး ရေတွက်နေတုန်းပဲ။ ငှက်တွေက ရေကန်တဝိုက်မှာ ပြန့်ကျဲ နေတာပဲ။ ငှက်အကောင်ရေ ၂၅ ကောင်ခန့် ကတော့ အသက်ရှင်နေဆဲ ဖြစ်လို့ ကျန်းမာရေး ကုသမှုတွေ ခံယူနေရတယ်” လို့ သစ်တောဌာနရဲ့ အကြီးတန်းအရာရှိ Sanjay Kaushik က ပြောပါတယ်။
ငှက်တွေ သေဆုံးမှု သတင်းတွေကို တနင်္ဂနွေနေ့မှာ ဆမ်ဘ်ဟာ ရေအိုင်ကြီးကို လာရောက်လည် ပတ်ကြတဲ့ ခရီးသွားဧည့်သည်တွေက ပေးပို့ခဲ့တာ ဖြစ်ပါတယ်။
“ကျနော်တို့ ဒါမျိုးကို တခါမှ မမြင်ဖူးခဲ့ဘူး” လို့ ဒေသခံ ငှက်ကြည့်သမားတဦး ဖြစ်တဲ့ Abhinav Vaishnav က Press Trust of India သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ရေကန်အနီးအနား ၁၀ မိုင်ဝန်းကျင်မှာ ငှက်သေတွေ ပြန့်ကျဲနေတာကို တွေ့ရတယ်လို့ Dowm To Earth မဂ္ဂဇင်းက ဓာတ်ပုံဆရာဖြစ်တဲ့ Vikas Choudhary က ဆိုပါတယ်။
“သေဆုံးတဲ့ ငှက်အရေအတွက်က ဆက်ပြီး များလာမယ်ဆိုတာ သေချာသလောက်ပဲ။ ကျနော့်အထင် အကောင်ရေ ၅၀၀၀ လောက်တောင်ရှိလာနိုင်တယ်။ အဲဒီနေရာမှာ ငှက်သေတွေချည်းပဲ”လို့ သူက BBC သတင်းဌာနကို ပြောပါတယ်။
ဒီလို ငှက်တွေ အစုလိုက်အပြုံလိုက် သေဆုံးမှု မဖြစ်ပွားခင်မှာ ရေကန်ရှိရာ ဒေသမှာ မိုးသက်မုန်တိုင်း ကျမှုကြောင့် ဖြစ်နိုင်တယ်လို့ သစ်တောအရာရှိ Rajendra Jakhar က ပြောပါတယ်။
“ကျနော်တို့ အနေနဲ့ အခြား ဖြစ်နိုင်ခြေတွေကို ရှာဖွေနေပါတယ်။ ရေအဆိပ်သင့်တာနဲ့ ဘက်တီး ရီးယားကူးစက်ခံရတာမျိုးတွေလည်း ဖြစ်နိုင်ခြေရှိနေပါတယ်” လို့ အဲဒီ သစ်တောအရာရှိက ပြောပါတယ်။
သေဆုံးပြီးဖြစ်တဲ့ ငှက်အချို့ကိုတော့ Bhopal မြို့မှာ ရှိတဲ့ ဓာတ်ခွဲခန်းကို ပို့ဆောင်ထားပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
Ref. BBC
You may also like these stories:
နိုဝင်ဘာလအတွင်း သွားလည်သင့်တဲ့ အိန္ဒိယနိုင်ငံက နေရာများ
ရာသီဥတုဖောက်ပြန်မှုကြောင့် ပင်ဂွင်းငှက်တို့နယ်မြေ ပျောက်ကွယ်မယ့်အခြေအနေနဲ့ ရင်ဆိုင်နေရ