အာတိတ်ဒေသက လေအေးများကြောင့် အမေရိကန်နိုင်ငံရဲ့ နေရာတော်တော်များများမှာ ဆီးနှင်းတွေ ထူထပ်စွာ ကျဆင်းနေပြီး အေးခဲနေတယ်လို့ သိရပါတယ်။
ဆိုက်ဘေးရီးယားက စတင်လာတဲ့ အာတိတ်ဒေသက လေအေးတွေဟာ နေရာအနှံ့အပြားမှာ ဆီးနှင်း ကျဆင်းမှုနဲ့ အေးခဲမှုတွေကို ဖြစ်ပေါ်စေခဲ့တာဖြစ်ပြီး ကန်းဆက်နဲ့ အီလီနွိုက်စတဲ့ ပြည်နယ်တွေ အထိပါ အေးခဲမှုတွေ ဖြစ်ပေါ်နေတာပါ။
ဒီလို အေးခဲမှုတွေကြောင့် အသက် ၈ နှစ် အရွယ် ကျောင်းသူတဦးအပါအဝင် လူ ၅ ဦး သေဆုံးမှု ဖြစ်ခဲ့ပြီး ဒေသအချို့မှာ ကျောင်းတွေကို ပိတ်ထားရကာ ထောင်နဲ့ ချီတဲ့ လေယာဉ်ပျံသန်းမှုတွေကို ရပ်နားထားရတယ်လို့ သိရပါတယ်။
အိုဟိုင်းယိုးပြည်နယ်အတွင်းမှာလည်း လမ်းချော်မှုကြောင့် ကားအစီး ၅၀ ဆင့်တိုက်မှုဖြစ်ပွားခဲ့ပြီး လူ ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါသေးတယ်။ အာတိတ်ဒေသက လေအေးတွေဟာ အရှေ့ဘက်ကမ်းရိုးတန်းအထိ ဆက်လက် တိုက်ခတ်နေဦးမှာ ဖြစ်တယ်လို့ အမေရိကန် မိုးလေဝသဌာနကထုတ်ပြန်ထားပါတယ်။
လေအေးတွေကြောင့် အမေရိကန်နိုင်ငံက နေရာအများအပြားမှာ ဆောင်းတွင်းအလယ်ပိုင်း ကာလကို ရောက်နေသလို အေးခဲမှုကို ခံစားရနိုင်ကြောင်း မိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
“ရာသီဥတုက တနှစ်လုံးမှာ အအေးဆုံးအချိန်ကို ကြုံတွေ့နေရတာ ဖြစ်နိုင်တယ်။ ဒေသတခုလုံးမှာ အပူချိန်တွေ စံချိန်တင်ကျဆင်းနိုင်တယ်” လို့ မိုးလေဝသပညာရှင် Kevin Birk က ပြောပါတယ်။
ကန်းဆက်ပြည်နယ်က မြို့အချို့မှာ နိုဝင်ဘာလ ၁၂ရက်နေ့က အပူချိန်တွေ စံချိန်တင် ကျဆင်းနေခဲ့ပြီး အခြားမြို့တွေမှာလည်း သမိုင်းတလျှောက် စံချိန်တင် အပူချိန်ကျဆင်းမှုတွေ ဖြစ်ပွားပြီး အေးခဲနေတယ်လို့ သိရပါတယ်။
Ref. BBC
You may also like these stories: