တောင်ကိုးရီးယားနိုင်ငံမှာ လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးမှုတွေကို ပပျောက်နိုင်ဖို့အတွက် #MeToo လှုပ်ရှားမှုကို ပြုလုပ်နေတယ်လို့ သိရပါတယ်။
တောင်ကိုးရီးယားနိုင်ငံမှာ Hwaesik လို့ ခေါ်တဲ့ ရုံးတွင်းပါတီပွဲတွေဟာ လုပ်ငန်းခွင့်ဓလေ့တခု ဖြစ်ပြီး အကြီးအကဲတွေက ညစာစားပွဲတွေနဲ့ တည်ခင်းဧည့်ခံတာ ဖြစ်ပါတယ်။ ပွဲအတွင်းမှာ အရက်သေစာတွေ သောက်စားကြပြီး လုပ်ဖော်ကိုင်ဖက်အချင်းချင်း ရင်းနှီးမှု ရရှိအောင် ပြုလုပ်တာဖြစ်ပေမယ့် လုံခြုံမှု ကင်းမဲ့တယ်လို့ အမျိုးသမီး ဝန်ထမ်းတွေက ဆိုပါတယ်။
“တခါတလေမှာ ကျမတို့က အထက်လူကြီး ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွဲကရတယ်။ ကျမအပေါ်ကို သူတို့ရဲ့ စိတ်ထားက ရိုးသားမှု ရှိတာ၊ မရှိတာထက် အားလုံးက မူးနေတော့ ကျမတို့ အတွက် နေရတာ အဆင်မပြေဘူး။ ခန္ဓာကိုယ်နီးကပ်မှု အရမ်းရှိပြီး ကျမရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ထိတာကိုင်တာမျိုးတွေ ခံရတယ်။ တခါတလေဆိုရင် ဒါတွေကို လိင်ပိုင်းဆိုင်ရာ ထိပါးမှုလို့ တောင် ခံစားရတယ်”လို့ အစိုးရဝန်ထမ်းအလုပ်ကို လုပ်ကိုင်နေတဲ့ အမည်မဖော်လိုသူ အမျိုးသမီး တဦးက ပြောပါတယ်။
၂၀၁၅ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းတွေအရ အမျိုးသမီး ၁၀ ဦးမှာ ၈ ဦးဟာ လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုတွေကို ခံနေရပြီး၊ ဒီလို ခံရတာ အများစုကတော့ Hwaesik လို့ ခေါ်တဲ့ ရုံးတွင်းပါတီတွေမှာ ဖြစ်တာ ဖြစ်ပါတယ်။
ဒီလို လိင်ပိုင်းဆိုင်ရာ ထိပါးမှုတွေ ခံရပေမယ့် အများစုကတော့ အထက်လူကြီးတွေ အာဏာရှိသူတွေရဲ့ အနိုင်ကျင့်ထိပါးမှုတွေကို တိုင်ကြားခြင်းတွေ မရှိဘူးလို့ သိရပါတယ်။ ဒီလို ထိပါးစော်ကားမှုတွေရှိ နေတာဟာ လုပ်ငန်းခွင်အတွင်း ကျား၊ မ တန်းတူ ညီမျှမှု မရှိတာ ထင်ရှားနေတယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။
အလုပ်သမား ဥပဒေအသစ်တွေကြောင့် လုပ်ငန်းခွင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို တားမြစ်ထား တာတွေ ရှိလာပြီ ဖြစ်တယ်လို့ သိရပါတယ်။
Me Too လှုပ်ရှားမှုဟာ ၂၀၁၆ ခုနှစ်က အမေရိကန်နိုင်ငံမှာ စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး သတင်းလောကနဲ့ နိုင်ငံရေးလောကမှာ အာဏာရှိသူ အမျိုးသားတွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို ဆန့်ကျင်တဲ့ လုပ်ရှားမှုတခုဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုမှာ အမျိုးသမီးတွေရော အမျိုးသားတွေပါ ပါဝင်လူပ်ရှားနေကြပြီး လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုကို တတ်နိုင်သလောက်လျော့ပါးစေဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။
Ref. VOA