အီတလီနိုင်ငံ၊ မြောက်ပိုင်း ဗင်းနစ်မြို့မှာ နှစ် ၅၀ အတွင်း အဆိုးရွားဆုံး ရေကြီးမှုနဲ့ ရင်ဆိုင်နေရပါတယ်။ နိုဝင်ဘာလ ၁၂ ရက်နေ့ညက မြို့ထဲ ၁၈၇ စင်တီမီတာထိ ရေတက်ခဲ့တာကြောင့် အသက်ဆုံးရှုံးမှု ရှိခဲ့ပြီး အရေးပေါ် အခြေအနေ ကြေညာခဲ့ရပါတယ်။
နိုဝင်ဘာ ၁၂ ရက်ညက ရေမျက်နှာပြင် စံချိန်တင် မြင့်တက်နေချိန်မှာ Pellestrina ကျွန်းပေါ်မှာ နေထိုင်သူ အဘိုးအို တယောက်ဟာ အိမ်မှာ ရေမော်တော်ဖွင့်ဖို့ ကြိုးစားရင်း ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ ဗင်းနစ်မြို့တော်ဝန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Alessandro Bertasi က ဆိုပါတယ်။
ကမ္ဘာ့လှည့်ခရီးသွားတွေ အများဆုံး လာရောက် လည်ပတ်ရာနေရာဖြစ်တဲ့ ဗင်းနစ်မြို့မှာ နိုဝင်ဘာ ၁၂ ရက်ညက ၁၈၇ စင်တီမီတာ (၇၂ ဒဿမ ၆ လက်မ) နီးပါး ထူးကဲဒီရေ မြင့်တက်ခဲ့တာကြောင့် စိုးရိမ်ဖွယ်ရာ အခြေအနေ ဖြစ်ပေါ်ခဲ့ တယ်လို့ ဗင်းနစ်မြို့အစိုးရက ကြေညာခဲ့ပါတယ်။
ဗင်းနစ်မြို့မှာ အဆိုးရွားဆုံး ထူးကဲဒီရေ မြင့်တက်ခဲ့တာဟာ ၁၉၆၆ ခုနှစ်ကဖြစ်ပြီး အမြင့်ဆုံး ၁၉၄ စင်တီမီတာ (၇၆ ဒဿမ ၄ လက်မ) ထိရောက်ခဲ့တယ်လို့ အစိုးရထုတ်ပြန်တဲ့ စာရင်းအင်းတွေမှာ ဖော်ပြထားပါတယ်။
ဒီရေစောင့်ကြည့် လေ့လာရေးအဖွဲ့က ထုတ်ပြန်ချက်အရ မြို့ရဲ့ ၄၅ ရာခိုင်နှုန်းကျော်မှာ ထူးကဲဒီရေ မြင့်တက်ခဲ့ပြီး အမြန်ဆုံး ပြန်လည် ပြင်ဆင်သန့်ရှင်းအတွက် စေတနာ့ဝန်ထမ်းတွေ လွှတ်ပြီး စတင်လုပ်ဆောင်ပေးနေပြီလို့ ဆိုပါတယ်။
အဆိုပါ ထူးကဲဒီရေကြောင့် ဗင်းနစ်မြို့တော် အစိုးရအဖွဲ့က အရေးပေါ်အခြေအနေ ကြေညာခဲ့သလို ရာသီဥတု ဆိုးရွားမှုကြောင့်လည်း မြို့ထဲက ကျောင်းတွေကို နိုဝင်ဘာ ၁၃ ရက် (ဗုဒ္ဓဟူးနေ့) မှာ ပိတ်ပေးခဲ့ရပါတယ်။ မြို့တွင်းက ဒီရေကြောင့် ပျက်စီးဆုံးရှုံးသွားမှုတွေကိုလည်း အကြောင်းရင်း အခိုင်အလုံတင်ပြနိုင်ရင် အစိုးရပြန်လည် ပြင်ဆင်စရိတ် ပေးသွားမယ်လို့ ဆိုပါတယ်။
ဗင်းနစ်မြို့မှာ လူဦးရေ ၅ သောင်း ၃ ထောင်ကျော် နေထိုင်ကြပြီး လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်ကထက်စာရင် မြို့ခံ လူဦးရေ နည်းလာသလို ရေလွှမ်းမိုးနစ်မြှုပ်သွားနိုင်တယ်လို့ ခန့်မှန်းမှုတွေကြောင့် ခရီးသွားအဆမတန် များပြားလာမှုကိုလည်း ထိန်းချုပ်ကန့်သတ်နေရပါတယ်။
ဗင်းနစ်စည်ပင်သာယာရေးအဖွဲ့ Website မှာ ဖော်ပြထားချက်အရ ဗင်းနစ်မြို့ဟာ ဆောင်းရာသီမှာ အီတလီ ဘာသာစကားနဲ့ “acqua alta” လို့ခေါ်တဲ့ အမြင့်စင်တီမီတာ ၁၄၀ (၅၅ လက်မ) လောက်ထိ ဒီရေတက်လေ့ ရှိတယ်လို့ ဆိုပါတယ်။
Ref: edition.cnn
You may also like these stories:
အီတလီနိုင်ငံ၊ ဗင်းနစ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ သင်္ဘော မတော်တဆမှု
လေ့လာခန့်မှန်းမှုတွေအရ အနာဂတ်မှာ ပျောက်ကွယ်သွားနိုင်ခြေရှိတဲ့ မြို့များ
အဆမတန် များပြားလာတဲ့ ခရီးသွားတွေကြောင့် ဒေသခံတွေ စိတ်ဒုက္ခ ရောက်နေကြ