ဗြိတိန်နိုင်ငံသား အသက် ၃၀ အရွယ် Nick Butter ဆိုသူဟာ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းမှာကျင်းပတဲ့ မာရသွန်ပြိုင်ပွဲတိုင်းမှာ ပါဝင်ယှဉ်ပြိုင်ဖူးတဲ့ ပထမဆုံးသူအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါပြီ။ သူရဲ့ နောက်ဆုံး မာရသွန်ပြိုင်ပွဲကို တော့ နိုဝင်ဘာ ၁၀ ရက်က ဂရိနိုင်ငံမှာ ဝင်ပြိုင်ရင်း အဆုံးသတ်နိုင်ခဲ့ပါတယ်။
ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၆ နိုင်ငံမှာ ကျင်းပတဲ့ မာရသွန်ပြိုင်ပွဲတိုင်းကို ဝင်ပြိုင်နိုင်ဖို့အတွက် Butter ဟာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်မှာ စတင်ခဲ့ပါတယ်။ ၂ နှစ်နီးပါးမှာ သူရဲ့ စိန်ခေါ်မှုကို အဆုံးသတ်နိုင်ခဲ့ပြီး ယူကေနိုင်ငံက ဆီးကျိတ်ကင်ဆာ ဝေဒနာရှင်တွေအတွက် ရရှိခဲ့တဲ့ စတာလင်ပေါင် ၆၅,၀၀၀ (အမေရိကန် ဒေါ်လာ ၈၃,၀၀၀) ကူညီလှူဒါန်းပေးခဲ့ပါတယ်။
Butter ဟာ ယခင်က အင်္ဂလန်နိုင်ငံတောင်ပိုင်း၊ Dorset ဒေသက ဘဏ်မှာအလုပ်လုပ်ခဲ့သူဖြစ်ပြီး အသက် ၁၁ နှစ် အရွယ်ကတည်းက မာရသွန်ပြိုင်ပွဲတွေကို စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူပါ။ အလုပ်လုပ်ရင်း မာရသွန်ပြိုင်ပွဲတွေကို တစိုက်မတ်မတ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အချိန်ပြည့် မာရသွန်အပြေးသမား ဖြစ်လာ ခဲ့ပါတယ်။
ဆာဟာရသဲကန္တာရမှာကျင်းပတဲ့ ပြိုင်ပွဲမှာ ဆီးကျိတ်ကင်ဆာအမျိုးသားတဦးနဲ့ ဆုံတွေ့ရင်း အခုလို နိုင်ငံတိုင်း က မာရသွန်ပြိုင်ပွဲတွေကို ယှဉ်ပြိုင်ဖို့အတွက် စိတ်ကူးရလာခဲ့တာလို့ ဆိုပါတယ်။
Butter က “မင်းတို့ရဲ့ အသက်ရှင်သန်နေချိန်တွေကို တန်ဖိုးထားပါ။ မကြာခင် ဘဝအဆုံးသတ်တော့မယ်လို့ တွေမထားပါနဲ့။ ကိုယ် အသက်ရှင်နေသမျှ ကိုယ်ဖြစ်ချင်တာ လုပ်ခွင့်ရှိနေပါသေးတယ်” လို့ ဝေဒနာရှင်တွေကို အားပေးစကားပြောခဲ့ ပါတယ်။
နိုင်ငံ ၁၉၆ နိုင်ငံက မာရသွန်ပြိုင်ပွဲတွေကို ယှဉ်ပြိုင်ဖို့အတွက် Butter ဟာ ပတ်စ်ပို့စာအုပ် ၁၀ အုပ်ကုန်ခဲ့ပြီး တခါတလေ ဗီဇာလျှောက်ဖို့အတွက် ယူကေကို တရက်လောက် အချိန်ပေးပြန်လာရတာမျိုးတွေလည်းရှိပါ တယ်။
“မာရသွန်ပြေးခဲ့တဲ့အချိန်အတွင်း ခွေးကိုက်ခံရဖူးတယ်၊ လုခံရဖူးတယ်၊ ဓားပြတိုက်ခံရဖူးတယ်၊ တခါတလေ အချုပ်ထဲ တောင်ရောက်ဖူးတယ်” လို့ သူ့အတွေ့အကြုံတွေကို ပြောပြခဲ့ပါတယ်။ “ဒီလိုမျိုးတွေ ဖြစ်ခဲ့မယ့် အမှတ်တရကောင်း တွေလည်း ကျန်နေခဲ့ပါတယ်။ El Salvador နိုင်ငံမှာ သွားပြိုင်တုန်းကဆိုရင် လူထောင်ပေါင်းများ စွာနဲ့အတူတူ ပေါက်ကွဲနေတဲ့ မီးတောင်တဝိုက် ပြေးခဲ့ရသေးတယ်” လို့ ဆိုပါတယ်။
Butter ဟာ မာရသွန်ပြေးဖို့ပဲ ခေါင်းထဲရှိနေပြီး လက်ရှိအချိန်ထိ မာရသွန်ပြိုင်ပွဲပေါင်း ၅၉၂ ပွဲ ယှဉ်ပြိုင်ခဲ့ပြီးပါ ပြီ။ ဒါပေမယ့်လည်း ခုချိန်ထိ မာရသွန်အပြေးသမားဘဝကနေ အနားယူဖို့ အစီအစဉ်မရှိသေးပါဘူး။
“ကျနော် ရက်အနည်းငယ်လောက် အနားယူပြီးရင် မာရသွန်ပြန်ပြေးဖို့ ခြေထောက်တွေ ယားလာတော့မှာဗျ။ ဒါ ကျနော့် ဝါသနာပဲလေ” လို့ ဆိုပါတယ်။
Ref: edition.cnn