ရထားလမ်းဖြတ်ကူးချိန်မှာ ရထားလာချိန်နဲ့ ကြုံပြီး သေဆုံးသွားတဲ့ လူတွေ အများကြီးရှိတာကို ကြားဖူးကြမှာပါ။ ရထားလမ်းကို အောက်ကနေ ဖြတ်ပြီး မကူးဖို့ လူကူးတံတားတွေ၊ အစောင့်အကြပ်တွေ ထားပေမယ့်လည်း ရထားလမ်းပေါ်က ဖြတ်ကူးတာဟာ လွယ်လင့်တကူဖြစ်လို့ လူတော်တော်များများက ရထားလမ်းကနေပဲ ကူးလေ့ရှိကြပါတယ်။
အိန္ဒိယနိုင်ငံရဲ့ Central နဲ့ Western ဘူတာတွေမှာ ၂၀၁၉ ခုနှစ်ရဲ့ အရှေ့ပိုင်း ၆လအတွင်းမှာ ရထားတိုက်ပြီး သေဆုံးသူ ၇၂၁ ယောက်ရှိတယ်လို့ The Hindu သတင်းစာမှာ ဖော်ပြထားပါတယ်။ ဒီပြဿနာ အတွက် Western ဘူတာရုံဟာ ထူးခြားတဲ့ ဖြေရှင်းနည်း တရပ်နဲ့ ဖြေရှင်းခဲ့ပါတယ်။ အဲဒါကတော့ ယမမင်း ဝတ်စုံဝတ်ထားတဲ့ သူတယောက်ကို ငှားရမ်းပြီး ဖမ်းဆီးဖို့ ကိစ္စပဲ ဖြစ်ပါတယ်။
ယမမင်း ဝတ်စုံကို အမျိုးသားတယောက်ကို ဝတ်ဆင်စေပြီး ရထားလမ်းကို ဖြတ်ကူးဖို့ ကြိုးစားတဲ့သူတိုင်းကို အဲဒီဝတ်စုံနဲ့ အမျိုးသားဟာ ထမ်းပြီး ခေါ်တာ၊ ဖမ်းပြီး ခေါ်တာ စတာတွေ ပြုလုပ်ပြီး သေခြင်းတရားနဲ့ ပတ်သက်တဲ့ စကားတွေကို ပြောစေကာ ပညာပေးတာဖြစ်ပါတယ်။
ဒီအစဉ်ဟာ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီး လူတော်တော်များများက ရယ်မောပျော်ရွှင်ပြီး အပြုသဘောဆောင်တဲ့ မှတ်ချက်တွေကို ရေးသားခဲ့ကြပါတယ်။ ဒဏ်ငွေစနစ်လည်းရှိပြီး လူကူးတံတားတွေ ပြုလုပ်ပေးထားရက်နဲ့ စည်းကမ်းကို ဖောက်ဖျက်နေကြသူတွေဟာ မကြာခင်မှာ ယမမင်းကို ကိုယ်တိုင်တွေ့ရနိုင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီအစီအစဉ်ကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာ ရှိတဲ့ နောက်ထပ်ရထားဘူတာတွေမှာလည်း ဒီလို အစီအစဉ်မျိုး ပြုလုပ်သွားနိုင်ချေရှိတယ်လို့ ရထားလမ်းပို့ဆောင်ရေး ဝန်ကြီးဌာနက ပြောဆိုထားတယ်လို့ ဒေသခံသတင်းစာတွေမှာ ဖော်ပြထားပါတယ်။
Ref:storypick.com