ကမ္ဘာတဝှမ်းမှာ ထူးထူးဆန်းဆန်း တိရစ္ဆာန်တွေ အများအပြားရှိပေမယ့် ပုံမှန်ရှိနေရမယ့် ခန္ဓာကိုယ် အစိတ်အပိုင်း နေရာမှာ နေရာတလွဲ တည်ရှိနေတဲ့ တိရစ္ဆာန်တွေကတော့ အနည်းအကျဉ်းသာရှိတာပါ။ အခုဖော်ပြပေးမယ့် ခွေးလေးဟာဆိုရင်တော့ နဖူးမှာ အမြီးအပိုတခု ပါနေတာကြောင့် ခွေးချစ်သူတွေရဲ့ ချစ်ခင်မှုကို ရရှိကာ ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။
Narwhale လို့အမည်ရတဲ့ ဒီခွေးလေးကတော့ မွေးလာတည်းက နဖူးမှာ အမြီးပိုတခု ပါနေတာဖြစ်ပြီး ကမ္ဘာတဝှမ်းက ခွေးချစ်သူတွေက ဒီခွေးလေးကို လို့ “Real Life Unicorn” လို့ တင်စားခေါ်ဝေါ်နေကြတာပါ။
ဒီခွေးလေး Narwhale ဟာဆိုရင်တော့ Mac’s Mission တိရစ္ဆာန်ကယ်ဆယ်ရေးဂေဟာက ခွေးလေးဖြစ်ပြီး ဂေဟာရဲ့ Facebook Page မှာ “တကယ့်လက်တွေ့ဘဝက Unicorn လေးကို မြင်ဖူးကြရဲ့လား”ဆိုပြီး ရဲ့ပုံကို တင်လိုက်ရာကနေ ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကြား ရေပန်းစားလာတာ ဖြစ်ပါတယ်။
နှင်းတောထဲမှာ စွန့်ပစ်ခံလိုက်ရတဲ့ ခွေးလေး Narwhale ကို Mac’s Missions တိရစ္ဆာန်ကယ်ဆယ်ရေးဂေဟာက တာဝန်ရှိသူတွေက တွေ့ရှိကာ စောင့်ရှောက်ခံကြတာဖြစ်ပြီး ခုချိန်မှာတော့ ခေါ်ယူမွေးစားချင်သူတွေက အများအပြားရှိနေပြီ ဖြစ်ပါတယ်။
Narwhale ရဲ့နဖူးမှာ အပိုပါနေတဲ့ ဒီအမြီးဟာဆိုရင်တော့ တခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ ဆက်စပ်မှု မရှိဘဲ အန္တရာယ်တစုံတရာ မဖြစ်ပေါ်နိုင်တာကြောင့် ဂေဟာက တာဝန်ရှိသူတွေက ခွဲစိတ်မှု မပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။
“ Narwhale မှာပါတဲ့ ဒီအမြီးပိုလေးကို စစ်ဆေးကြည့်တော့ သူ့အတွက်လည်း အန္တရာယ်မရှိဘူး၊ နောက် တကယ့်အမြီးလိုလည်း အသုံးပြုလို့မရဘူး၊ လှုပ်လို့ မရဘူးပေါ့ ၊ အဲ့သလိုဆိုတော့ ခွဲစိတ်ပြီး မဖယ်ရှားလည်း ဘာမှမဖြစ်ပါဘူး”
“တခြားခွေးလေးတွေလိုပဲ သူလည်း ပုံမှန်အသက်ရှင်နိုင်ပါတယ်။ သူ့ကိုမွေးစားမယ့် သူတွေကလည်း ဒီအမြီးပိုလေးကို မဖယ်ရှားချင်ဘူးဆိုတော့ ဒီအတိုင်းပဲ ထားဖို့ ဆုံးဖြတ်လိုက်ကြတာပါ”လို့ တိရစ္ဆာန်ဆေးကုဆရာဝန် Dr.Heuring က ဖြေကြားခဲ့ပါတယ်။
Ref. www.boredpanda.com
You may also like these stories:
ကန်စွန်းဥကင်ဆိုင်မှာ ဈေးရောင်းသူအဖြစ် လုပ်ကိုင်နေတဲ့ ဂျပန်နိုင်ငံက ခွေးလေး
လူသားတွေဟာ လူအချင်းချင်းထက် ခွေးတွေကို ပိုမိုချစ်ခင်ကြကြောင်း လေ့လာတွေ့ရှိ
ခွေးလေခွေးလွင့်တွေအတွက် အနွေးထည်ချုပ်ပေးတဲ့ အသက် ၈၉ နှစ်အရွယ် အဘွား