ဉာဏ်ကြီးရှင်လေးလို့ တင်စားခေါ်ကြတဲ့ ဘယ်လ်ဂျီယံနိုင်ငံသားလေး Laurent Simons တယောက် အသက် ၉ နှစ် အရွယ်မှာပဲ Eindhoven နည်းပညာတက္ကသိုလ်ကနေ ဘွဲ့ရတော့မှာပါ။ လျှပ်စစ်အင်ဂျင်နီယာဘာသာရပ်ကို တက်ရောက်နေတာဖြစ်ပြီး ဒီဇင်ဘာလထဲမှာ တက္ကသိုလ်ပညာသင်နှစ် ပြီးဆုံးပါတော့မယ်။
သာမန်ကျောင်းသားတွေအတွက်တောင် ခက်ခဲတဲ့ဘာသာရပ်နဲ့ ဘွဲ့ဒီဂရီရတဲ့ထိယူနိုင်တဲ့သူ့ကို တက္ကသိုလ်က ဆရာတွေက သာမန်ထက် ထူးချွန်ထက်မြက်သူလေးလို့ အမြဲဂုဏ်ယူပြောလေ့ရှိပါတယ်။ ဘွဲ့ရပြီးရင်လည်း လျှပ်စစ်အင်ဂျင်နီယာ ဘာသာရပ်ကိုပဲ ဂုဏ်ထူးတန်းထိ ဆက်တက်သွားဖို့ရှိသလို ဆေးပညာဘာသာရပ်ကိုပါ သင် ကြားသွားမယ်လို့ Laurent ရဲ့ဖခင်ကဆိုပါတယ်။
Laurent ကို အဘိုးအဘွားတွေက မွေးရာပါ ပါရမီရှင်လေးလို့ ပြောတုန်းက ချဲ့ကားပြောတယ်ပဲ ထင်ခဲ့တယ်လို့ မိဘတွေဖြစ်တဲ့ Lydia နဲ့ Alexander Simons က ဆိုပါတယ်။ ဒါပေမယ့် ကလေးကို သင်ပေးတဲ့ဆရာ၊ ဆရာမ တွေကတော့ ပါရမီရှင်ဆိုတာ သဘောတူလက်ခံကြပါတယ်။
“သင်ပေးနေတဲ့ ဆရာ၊ဆရာမတွေကိုယ်တိုင်က ကလေးက ဘာပဲသင်ပေးသင်ပေး ခေါင်းထဲစွဲလွယ်တယ်လို့ ပြောကြပါတယ်။ Laurent က တခြားကလေးတွေထွက် ထူးခြားနေတာကို သူတို့သဘောပေါက်ကြတယ်” လို့ ဖခင် Alexander က ဆိုပါတယ်။
Laurent ဟာ ဆရာဝန်မိသားစုမျိုးရိုးက ဆင်းသက်လာသူပီပီ ဉာဏ်ကောင်းတယ်ပြောနိုင်တာထက် အ ကြောင်းအရာ တိတိကျကျကိုတော့ မိဘတွေကိုယ်တိုင်လည်း မသိပါဘူး။
“ငယ်ငယ်တည်းက သင်ပေးလိုက် တာနဲ့ တတ်လွယ်တာ ဘာကြောင့်လဲတော့ သေချာမသိဘူး။ သူ့ကိုယ်ဝန်ဆောင်စဉ်တုန်းကတော့ ကျမ ငါးများ များစားဖြစ်ခဲ့တယ်” လို့ မိခင် Lydia က ပြောပြပါတယ်။
သူများထက် ထူးချွန်တဲ့ဉာဏ်ရည်ကြောင့် Eindhoven နည်းပညာတက္ကသိုလ်က သူသင်ယူချင်တဲ့ ဘာသာရပ် ကို တက်ရောက်ခွင့်ပြုခဲ့သလို၊ တခြားသာမန်ကျောင်းသားတွေထက် အချိန်တိုအတွင်း ပြီးစီးအောင်မြင်ခဲ့တယ် လို့ ဆိုပါတယ်။
“ဒါကတော့ လုံးဝ ထူးခြားခြားဖြစ်ရပ်ပါပဲ။ ကျနော်တို့ကျောင်းက သာမန်ထက်ထူးချွန်တဲ့ ကျောင်းသားတွေအတွက်လည်း အဆင်ပြေအောင် စီစဉ်ပေးနိုင်ပါတယ်။ အားကစားမှာထူးချွန်တဲ့ဆိုလည်း အဆင်ပြေအောင် အချိန် ညှိပေးတာမျိုးတွေ လုပ်ပေးတယ်” လို့ Eindhoven နည်းပညာတက္ကသိုလ်ရဲ့ ဒါရိုက်တာအဖွဲ့ဝင် Sjoerd Hulsof က ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ Laurent တယောက် ဒီပညာသင်နှစ် ပြီးမြောက်အောင်မြင်သွားပြီးရင် အားလပ်ရက် အပန်းဖြေခရီး အဖြစ် ဂျပန်သွားဖို့ စီစဉ်ထားပါတယ်။
Ref: edition.cnn
You may also like these stories:
ဂင်းနစ်စံချိန် မှတ်တမ်းဝင်သွားတဲ့ ကမ္ဘာ့အသက်အကြီးဆုံးစုံတွဲ
အာဖရိကမှာ ရှိတဲ့ အမြင့်ဆုံးတောင်ကို တက်နိုင်ခဲ့တဲ့ အသက် ၉ နှစ်အရွယ် ကောင်လေး