အကျဉ်းထောင်ဆိုတာမျိုးဟာ ရာဇဝတ်မှုကျူးလွန်သူတွေ၊ ဥပဒေချိုးဖောက်သူတွေကို အပြစ်ပေးတဲ့နေရာ ဖြစ်တာကြောင့် နေချင်စဖွယ်ကောင်းတယ်ဆိုတာမျိုးတော့ မရှိပါဘူး။
ဒါပေမယ့် နော်ဝေနိုင်ငံက Halden အကျဉ်းထောင်ကတော့ ကမ္ဘာတဝှမ်းမှာရှိတဲ့ အကျဉ်းထောင်တွေအားလုံးနဲ့ ကွဲပြားခြားနားကာ အကျဉ်းသားတွေအားလုံးကို ဇိမ်ခံပစ္စည်းတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ပံ့ပိုးပေးထားတာဖြစ်တာကြောင့် လူသားအဆန်ဆုံး အကျဉ်းထောင်အဖြစ် သတ်မှတ်ခြင်းခံရတာ ဖြစ်ပါတယ်။
Halden ထောင်ဟာဆိုရင်တော့ နော်ဝေနိုင်ငံရဲ့ လုံခြုံရေးအမြင့်ဆုံး ထောင်တခုဖြစ်ပေမယ့် တခြားသော အကျဉ်းထောင်တွေလို လျှပ်စစ်ဓာတ်လွှတ်ထားတဲ့ စည်းရိုးတွေ တပ်ဆင်ထားတာမျိုး၊ အကျဉ်းသားတွေကို စောင့်ကြည်တဲ့ ကင်းမျှော်စင်မျိုးနဲ့ သံဆူးကြိုးတန်းတွေကို တွေ့ရမှာ မဟုတ်ပါဘူး။
အကျဉ်းသားတွေ နေထိုင်တဲ့ အခန်းတွေတိုင်းမှာ တီဗီ၊ ရေခဲသေတ္တာ၊ ရေချိုးခန်း၊ သန့်စင်ခန်းနဲ့ ချက်ပြုတ် စားသောက်နိုင်အောင် မီးဖိုဆောင်တွေပါ ထားရှိပေးထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် အကျဉ်းသားတွေ ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်နိုင်ဖို့ အားကစားခန်းမတွေ၊ ဘောလုံးကွင်းတွေနဲ့ စာကြည့်တိုက်တွေ၊ ဂီတသင်တန်းတွေကိုပါ ထားရှိပေးထားတာ ဖြစ်ပါတယ်။ မိသားစုတွေ နဲ့တွေ့ဆုံဖို့ တပတ်မှာ ၂ ရက်ခွင့်ပြုပေးထားပြီး တွေ့ဆုံဖို့အတွက် သီးသန့်အခန်းတွေထားရှိပေးထားတဲ့အပြင် ၂၄ နာရီအတူနေနိုင်အောင်လည်း သီးခြားသစ်သားအိမ်ငယ်လေးတွေ ဆောက်လုပ်ပေးထားတာ ဖြစ်ပါတယ်။
အကျဉ်းသားတွေကို ဒီလိုမျိုးထားရှိပေးရတာဟာ အပြစ်ဒဏ်ကနေ လွတ်ကင်းသွားပြီး လူမှုအသိုင်းအဝိုင်းထဲ ပြန်လည်ဝင်ရောက်တဲ့အခါ လူ့အဖွဲ့အစည်းနဲ့ တထပ်တည်းပြန်ကျနိုင်ဖို့နဲ့ ထောင်တွင်းက ပေးတဲ့ စိတ်ဒဏ်ရာတွေကို မခံစားရအောင် ရည်ရွယ်တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
နော်ဝေနိုင်ငံဟာ လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားတဲ့ နိုင်ငံတနိုင်ငံဖြစ်တဲ့အပြင် ထောင်ပြင်ပမှာလည်း လူနေမှုအဆင့်အတန်း မြင့်မားစွာ နေရတာကြောင့် ထောင်ကျချင်သူတွေကတော့ အင်မတန်နည်းပါးလှပါတယ်။
Ref. www.theguardian.com
You may also like these stories:
၂၀၁၉ ခုနှစ်အတွက် အလုပ်ချိန်မျှတတဲ့ နိုင်ငံနဲ့ မြို့များ
နေရောင် မရတာကြောင့် ဆိုလာမှန်ချပ်တွေ သုံးပြီး နေအလင်းရောင် ယူရတဲ့ နော်ဝေနိုင်ငံက Rjukan မြို့