DC ကာတွန်းတွေ ပေါ်မလာခင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ခန့်က မာယာလူမျိုးတွေ ကိုးကွယ်တဲ့ Camazotz ဆိုတဲ့ နတ်ဘုရားရဲ့ ရုပ်ထုဟာ Batman ရဲ့ ခေါင်းနဲ့ ပုံစံ တူနေတယ်တယ်လို့ သိရပါတယ်။
ခေတ်အဆက်ဆက်မှာ အနုပညာဖန်တီးသူတွေဟာ ရှေးကရှိခဲ့ပြီးသား အရာတွေကို ပုံတူယူ ဖန်တီးလေ့ရှိပေမယ့် အခုလို ထပ်တူကျလောက်အောင် အထိ တူညီနေတာကတော့ ထူးဆန်းတဲ့ အချက်ဖြစ်နေပါတယ်။ Camazotz နတ်ဘုရားဟာ မာယာလူမျိုးတွေ ကိုးကွယ်တဲ့ နတ်ဘုရားဖြစ်ပြီး သူ့ရဲ့ ဦးခေါင်းပုံစံက ဒီနေ့ခေတ် Batman နဲ့ တူနေတာလည်း ဖြစ်ပါတယ်။
Camazotz နတ်ဘုရားရဲ့ ပုံကို ဟွန်းဒူးရပ်စ်မှာရှိတဲ့ ပြတိုက်တခုမှာ တွေ့ရှိခဲ့တာဖြစ်ပြီး အဲဒီနတ်ဘုရားဟာ လျှို့ဝှက်ဆန်းကြယ်ခြင်း၊ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းတို့ရဲ့ နိမိတ်ပုံဖြစ်တယ်လို့ သိရပါတယ်။ Camazotz ကို ပူဇော်ပသမှုတွေဟာ ခရစ်မပေါ်မီ နှစ် ၂၀၀ လောက်က ဖြစ်ခဲ့ပြီး မက္ကဆီကိုနိုင်ငံမှာ အစပြုခဲ့တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။
Camazotz ဆိုတဲ့ နာမည်ဟာ မာယာဘာသာစကားနဲ့ ဆိုရင် လင်းနို့နဲ့ သေဆုံးခြင်းဆိုတဲ့ အဓိပ္ပါယ်ကို ရပါတယ်။ ဒီနတ်ဘုရားကို လင်းနို့နတ်ဘုရားလို့ ခေါ်တွင်သူတွေရှိနေပြီး ရှေးဟောင်း မာယာလူမျိုးတွေက တဆင့် လူငယ်တွေကို လက်ဆင့်ကမ်းခဲ့ကြတာဖြစ်ပါတယ်။
အစောပိုင်းမှာ ဒီရုပ်ထုကို ဒေသခံတွေကပဲ ကိုးကွယ်နေတာဖြစ်ပေမယ့် Batman ဇာတ်ကောင် ၇၅ နှစ်ပြည့်အတွက် ကမ္ဘာတဝှမ်းမှာရှိတဲ့ Batman နဲ့ တူတဲ့အရာတွေကို စုစည်းဖို့ Warner Brothers ရုပ်ရှင်ထုတ်လုပ်ရေးက ကြိုးစားချိန်မှာ အခုလို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီလို Batman နဲ့ တူတဲ့ ရုပ်ထုကို တွေ့မြင်ပြီးနောက်မှာ Batman ဇာတ်ကောင်ကို စတင်ဖန်တီးသူဟာ Camazotz နတ်ဘုရားကို အတုယူပြီး ဖန်တီးခဲ့တာလား ဆိုတဲ့ ဝေဖန်မှုတွေကို ခံနေရတယ်လို့ သိရပါတယ်။
Ref; curiosmos