သြစတြေးလျနိုင်ငံသား အမျိုးသားတယောက်ဟာ ဧရာမ မိကျောင်းနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး မိကျောင်းရဲ့ မျက်လုံးကို လက်နဲ့ ကော်ထုတ်ပြီး အသက်ဘေးက လွတ်အောင် ပြေးခဲ့တယ်လို့ သိရပါတယ်။
အသက် ၅၄ နှစ် အရွယ် တောခေါင်းတဦးဖြစ်တဲ့ Craig Dickmann ဟာ မိကျောင်းနိုင်ငံလို့ အမည်ရတဲ့ နေရာကို ငါးဖမ်းထွက်ခဲ့တာဖြစ်ပြီး ကမ်းခြေကနေ ရေထဲကို ဆင်းဖို့ ပြင်နေချိန်မှာ အရှည် ၉ ပေ ရှိတဲ့ မိကျောင်းတကောင်က အနောက်ကနေ ရုတ်တရက်ပေါ်လာတာဖြစ်တယ်လို့ သူက ဆိုပါတယ်။
“ကျနော်က ငါးဖမ်းဖို့ ပြင်နေတုန်းမှာ အဲဒီ မိကျောင်းကြီးက ပေါ်လာတာပဲ။ အနောက်ကနေ ပေါ်လာပြီး ကျနော့်ပေါင်ကို ခဲလိုက်တာဗျ။ ကျနော်တို့ အပြန်အလှန်လုံးထွေးသတ်ပုတ်ကြရင်း မိကျောင်းက ကျနော့်ကို ရေထဲဆွဲချဖို့ ကြိုးစားတဲ့ အချိန်မှာ ကျနော်က သူ့မျက်လုံးကို လက်နဲ့ ကော်ထုတ်လိုက်တာ”
“အဲဒီအချိန်မှာ မိကျောင်းဆီက ထွက်လာတဲ့ အသံနက်ကြီးက ကျနော့်ကို တသက်လုံး ခြောက်လှန့်နေတတော့မှာ သေချာတယ်”လို့ Craig Dickmann က ဆေးရုံမှာ လာရောက်မေးမြန်းတဲ့ သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။
ပြည်နယ်အစိုးရရဲ့ ထုတ်ပြန်ချက်တွေအရ အဲဒီဒေသမှာ မိကျောင်းကိုက်ခံရပြီး သေဆုံးသူတွေ မကြာခဏ ရှိကြောင်း သိရပါတယ်။ မိကျောင်းရဲ့ မျက်လုံးကို ထုတ်ပြီး အသက်ဘေးက လွတ်ခဲ့တဲ့ Craig Dickmann ကတော့ လက်နဲ့ ခြေထောက်တို့မှာ ဒဏ်ရာရရှိခဲ့ပြီး အခုအချိန်မှာတော့ Cairns မြို့က ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။
Ref: france24
You may also like these stories:
သားရဲတိရစ္ဆာန်တွေ တိုက်ခိုက်လာတဲ့အခါ ဘယ်လို ရင်ဆိုင်မလဲ
မိချောင်းစာဖြစ်သွားတဲ့ ၂ နှစ်အရွယ် ကမ္ဘောဒီးယား ကလေးငယ်လေး
ခြံစည်းရိုးပေါ် ကျော်တက်ခဲ့တဲ့ မိကျောင်း ဗီဒီယို အွန်လိုင်းမှာ နာမည်ကြီးနေ
ကမ္ဘာတဝှမ်းက ကြောက်စရာအကောင်းဆုံးနဲ့ အန္တရာယ်အရှိဆုံး ကမ်းခြေများ