“Guardians of the Galaxy” ရုပ်ရှင်ကားတွေနဲ့ ပရိသတ်ရဲ့ အားပေးမှုတွေ ပြန်လည်ရရှိခဲ့တဲ့ ကမ္ဘာကျော် လက်ဝှေ့သမား ဒေ့ဗ်ဘာတစ်စတာ (Dave Bautista) ဟာ ပိုင်ရှင်တွေ စွန့်ပစ်ထားတဲ့ ခွေးဘီးလူး ၂ကောင်ကို မွေးစားခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ခွေး၂ကောင်ဟာ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ် Tampa မြို့မှာရှိတဲ့ တိရစ္ဆာန်ဂေဟာမှာ ထိန်းသိမ်းခံထားရတဲ့ ခွေးလေးတွေ ဖြစ်ပါတယ်။
အောက်တိုဘာလမှာ Hillsborough County’s တိရစ္ဆာန်ထိန်းသိမ်းရေး ဂေဟာရဲ့ တာဝန်ရှိသူတွေက သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ Maggie နဲ့ Ollie လို့ အမည်ရတဲ့ ခွေးဘီလူး ၂ ကောင်ကို မွေးစားဖို့ မေတ္တာရပ်ခံတဲ့ စာကို တင်ခဲ့ပါတယ်။ ခွေးဘီလူး ညီအကို ၂ ကောင်ရဲ့ ပိုင်ရှင်အဟောင်းက ကလေးမွေးပြီးတဲ့နောက်မှာ သူတို့ကို လာရောက် စွန့်ပစ်ခဲ့တာဖြစ်ပါတယ်။
တိရစ္ဆာန်ထိန်းသိမ်းရေး ဂေဟာက ခွေး၂ ကောင်ကို တအိမ်တည်းမှာ မွေးစားနိုင်မယ့် သူကို ရှာနေတာဖြစ်ပါတယ်။ ဒီလို ရှာရတဲ့ အကြောင်းအရင်းကတော့ သူတို့ ၂ ကောင်က မွေးကတည်းက တခါမှ မခွဲဖူးတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
“သူတို့ ၂ကောင်က တခါမှ ခွဲဖူးတာ မဟုတ်ဘူး။ ဒီလောက် လိမ္မာတဲ့ ကောင်လေးတွေကို ခွဲပြီး မထားရက်နိုင်ဘူးဗျာ။ သူတို့က သူတို့စွန့်ပစ်ခံရတယ် ဆိုတာတောင် ကောင်းကောင်းသိတာ မဟုတ်ဘူး။ စွန့်ပစ်ခံရဖို့လည်း လုံးဝ မထိုက်တန် ဘူး။ သူတို့ကို အတူ မွေးစားဖို့ ကြောင် မရှိတဲ့ အိမ်တအိမ်လောက် ရှိမလား”လို့ တိရစ္ဆာန်စောင့်ရှောက်ရေး ဂေဟာက သူ့တို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားခဲ့တာဖြစ်ပါတယ်။
အဲဒီ စာတင်ပြီး တပတ်လောက်အကြာမှာ လက်ဝှေ့သမား ဘာတစ်စတာက မွေးစားခဲ့တာ ဖြစ်ပါတယ်။ သူဟာ ပရိသတ်တွေကြားမှာ တိရစ္ဆာန်လေးတွေကို ချစ်တတ်သူလို့ နာမည်ကြီးသူလည်း ဖြစ်ပါတယ်။
ဘာတစ်စတာက သူ့ရဲ့ အင်စတာဂရမ်မှာ “ဒီကောင်လေးတွေဟာ သူတို့ရဲ့ သက်တမ်း ၅ နှစ်တာ ကာလမှာ ဂရုမစိုက်တာ၊ အနိုင်ကျင့်တာတွေကို ခံခဲ့ပြီးပါပြီ။ အခုချိန်မှာတော့ သူတို့ကို ကောင်းကောင်းမွန်မွန်ထားမယ့် အိမ်ကို ရောက်လာပါပြီ။ ကျနော့် ပရိသတ်ကြီးကို Maggie and Ollie Bautista နဲ့ မိတ်ဆက်ပေးပါရစေ”လို့ တင်ထားခဲ့ပါတယ်။
ခွေးတွေဟာ အခုဆိုရင် ဘာတစ်စတာရဲ့ အိမ်မှာ ပျော်ရွှင်စွာနေထိုင်နေပြီဖြစ်လို့ တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာက ဝန်ထမ်းတယောက်က ခွေးကလေးတွေတော့ ထီပေါက်သွားပြီ ဆိုပြီး ဝမ်းသာစကား ပြောခဲ့ပါတယ်။
Ref; unilad.co.uk