၂၀၀၀ ခုနှစ် နောက်ပိုင်းတွေမှာ လူငယ်တွေ အပျော်တမ်းကစားလေ့ရှိတဲ့ ဂိမ်းတွေဟာ ၂၀၁၀ နောက်ပိုင်းကို ရောက်တဲ့အခါမှာတော့ အားကစား တမျိုး ဖြစ်လာပါပြီ။ E-sport လို့ အတိုကောက်ခေါ်ကြတဲ့ Electronic Sports ကို နိုင်ငံတကာမှာ ပြိုင်ပွဲတွေ လုပ်နေကြပြီး လူငယ်တွေ အနေနဲ့လည်း အပျော်တမ်းမဟုတ်တော့ဘဲ အသက်မွေးဝမ်းကြောင်း ပြုနိုင်လုပ်တဲ့ အနေအထားအထိ ကြိုးစား ဆော့ကစားလာတာကို တွေ့ရပါတယ်။
E-sport ရဲ့ ခေါင်းစဉ်အောက်မှာ ကစားကြတဲ့ ဂိမ်းတွေ အများကြီးရှိပြီး အဲဒီအထဲကမှ League of Legends, Dota, Counter-Strike, Overwatch, Super Smash Bros., နဲ့ StarCraft စတာတွေကတော့ ရေပန်းအစားဆုံးလို့ ဆိုနိုင်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ သူများပြိုင်ထားတဲ့ ဂိမ်းပြိုင်ပွဲတွေကို ကြည့်ရှုသူ ဦးရေဟာ သန်း ၄၅၀ ကျော်ရှိပြီး ဒီနှစ်အတွင်းမှာ သန်း ၁၀၀၀ အထိ တိုးလာနိုင်ချေရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။
E-sport ပြိုင်ပွဲတွေကို အရှေ့တောင်အာရှနိုင်ငံတွေမှာလည်း ခမ်းနားစွာ ကျင်းပလေ့ရှိပြီး မြန်မာနိုင်ငံသား Gamer တွေလည်း သွားရောက်ယှဉ်ပြိုင်လေ့ရှိပါတယ်။ မကြာသေးခင်က ပြုလုပ်ကျင်းပခဲ့တဲ့ World Electronic Sport Games 2019 (WESG 2019) ပြိုင်ပွဲမှာ မြန်မာနိုင်ငံက အသင်းတသင်းဖြစ်တဲ့ Team Cyanide အဖွဲ့က နိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး Top 3 နေရာကို ရရှိခဲ့ပါတယ်။
ပြိုင်ဘက်နိုင်ငံတွေက အသင်းတွေဟာ သူတို့ နိုင်ငံရဲ့ အထောက်အပံ့တွေ အပြည့်နဲ့ သွားရောက်ယှဉ်ပြိုင်ကြတာဖြစ်ပြီး မြန်မာနိုင်ငံက Team Cyanide အဖွဲ့ကတော့ ဘယ်သူ့အထောက်အပံ့မှ မပါဘဲ သွားရောက်ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။
အခုအချိန်မှာဆိုရင် နိုင်ငံတကာက E-sport ပြိုင်ပွဲတွေကို အားကစားအနေနဲ့ သတ်မှတ်ပြီးဖြစ်လို့ ဂိမ်းဆော့ခြင်းဟာ အချိန်ဖြုန်းခြင်းသက်သက်၊ လူညွန့်တုန်းစေခြင်း သက်သက်မျိုး မဟုတ်တာကို မိဘတွေအနေနဲ့ နားလည်ပေးဖို့ လိုအပ်လာတယ်လို့ လူငယ်တွေက ပြောပါတယ်။
နိုင်ငံအချို့မှာလည်း ကျောင်းသင်ရိုးတွေမှာ E-sport ကို ထည့်သွင်းလာခြင်းရှိတယ်လို့ သိရပါတယ်။ E-sport ဖွံ့ဖြိုးမှု အဓိကစတင်ဖြစ်ပေါ်ခဲ့တာကတော့ ကိုးရီးယားနိုင်ငံက ဖြစ်ပြီး တရုတ်နိုင်ငံကတော့ E-sport ဟာ အားကစားတခုဖြစ်တယ်လို့ ပထမဆုံးသတ်မှတ်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်မှာ အဲဒီလို သတ်မှတ်ပြီးနောက် အစိုးရဟာ ဂိမ်းစင်တာတွေနဲ့ စနစ်တကျ ဆော့ခိုင်းစေခဲ့တယ်လို့ သိရပါတယ်။
၂၀၁၃ ခုနှစ်မှာ ကနေဒါနိုင်ငံရဲ့ League of Legends ဂိမ်းဆော့ကစားသူ Danny “Shiphtur” Le ဟာ အမေရိကန်နိုင်ငံကို အချိန်မရွေးဝင်ထွက်သွားလာခွင့်ရှိတဲ့ P-1A ဗီဇာကို ရရှိခဲ့တဲ့ ပထမဆုံး Gamer ဖြစ်လာခဲ့ပါတယ်။ နိုင်ငံတကာမှာ E-sport ရဲ့ ကဏ္ဍဟာ အရေးပါတဲ့ နေရာမှာတည်ရှိနေပြီး E-sport ဈေးကွက်ဟာလည်း စီးပွားရေးလုပ်ငန်းရှင်တွေ အထူးစိတ်ဝင်စားတဲ့ အရာတခုဖြစ်လာပါတယ်။
ဂိမ်းကစားတဲ့ Gamer တွေကို အားကစားသမားအဖြစ် သတ်မှတ်ပြီး အိုလံပစ်နဲ့ အခြားနိုင်ငံတကာပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်အောင် စီစဉ်မှုတွေလည်းရှိနေပါတယ်။ မြန်မာနိုင်ငံမှာလည်း နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ Gamer တွေရှိနေတာကြောင့် သူတို့ကို လုံလောက်တဲ့ ထောက်ပံ့မှုမျိုးပေးဖို့ လိုအပ်ပါတယ်။
Ref. sportanddev.org, globalsportsjobs