မအင်္ဂါနဲ့ သက်ဆိုင်တဲ့ အရာများကို ခင်းကျင်းပြသထားတဲ့ ပြတိုက်တခုကို အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီပြတိုက်ကို လာရောက်လည်ပတ်သူတွေ အနေနဲ့ မ အင်္ဂါနဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေကို တွေ့မြင်ရမှာ ဖြစ်ပြီး ဝယ်ယူအသုံးပြုစရာ မအင်္ဂါ ဇာထိုးအင်္ကျီ၊ မအင်္ဂါဆွဲသီးနဲ့ ဓမ္မတာကတ် စတာတွေကို ရောင်းချထားပါတယ်။
Florence Schechter ဆိုတဲ့ အမျိုးသမီးက ဒီ မအင်္ဂါပြတိုက်ကို ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အိုက်စ်လန်းနိုင်ငံကို သွားရောက်လည်ပတ်ချိန်မှာ တွေ့မြင်ခဲ့တဲ့ ကျားအင်္ဂါပြတိုက်ကို အတုယူပြီး တည်ဆောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ပြတိုက်ကို ဖွင့်လှစ်ဖို့ အတွက် အချိန် ၂ နှစ် ယူခဲ့ရတယ်။ ဖြစ်ချင်တာကတော့ ဒီပြတိုက်ကို အမြဲတမ်းပြတိုက် အနေနဲ့ လုပ်ချင်တာပါ။ လောလောဆယ်တော့ မလုပ်နိုင်သေးဘူး။ ဒီနေရာမှာ အခုလောက်စလုပ်နိုင်တာက ကျမအတွက် အောင်မြင်မှုပါပဲ။ ဒီနေရာဟာ လူငယ်တွေ အတွက် မအင်္ဂါနဲ့ ပတ်သက်တဲ့ ပညာတွေကို ပြသပေးဖို့ အကောင်းဆုံးဖြစ်မှာပါ”လို့ မအင်္ဂါပြတိုက် တည်ထောင်သူ Florence Schechter က ပြောပါတယ်။
အဲဒီပြတိုက်ဟာ အမျိုးသမီး၊ အမျိုးသားနဲ့ လိင်ပြောင်းထားသူ အားလုံးအတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။ ကျားအင်္ဂါပြတိုက်မှာ မျိူးစိတ်ပေါင်းများစွာရဲ့ ကျားအင်္ဂါတွေကို ပြသထားတာကြောင့် မအင်္ဂါပြတိုက်ရှိမှသာ မျှတာမယ်လို့ ယူဆပြီး ဖွင့်ထားတာဖြစ်တယ်လို့ သိရပါတယ်။
ဒီပြတိုက်မှာ မုဒိမ်းမှု၊ အိမ်တွင်းအကြမ်းဖက်မှုနဲ့ လိင်ကျန်းမာရေးတွေကို ပညာပေးသွားမယ်လို့လည်း သိရပါတယ်။
Ref. nytimes