နည်းပညာအမြင့်ဆုံးနိုင်ငံတွေထဲက တခုဖြစ်တဲ့ ဂျပန်နိုင်ငံဟာ လာမယ့် နိုဝင်ဘာ ၂၃ ရက်နေ့မှာ ဂျပန်နိုင်ငံကို အလည်အပတ် လာရောက်မယ့် ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်အတွက် ထူးခြားတဲ့ ကြိုဆိုမှုတခုပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံကို ပုပ်ရဟန်းမင်းကြီး လာရောက် လည်ပတ်မယ့်အချိန်မှာ နောက်ဆုံးပေါ် AI( Artificial Intelligence) နည်းပညာနဲ့ ရေးစပ်ထားတဲ့ ကြိုဆိုရေးသီချင်းကို ဖွင့်လှစ်ကြိုဆိုမှာ ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်း လာရောက် လည်ပတ်မှုကို ရည်စူးပြီး သီချင်းရေးဆရာ Jun Inoue က “Protect all Life – The Signs of The Times” ဆိုတဲ့ သီချင်းကို ရေးစပ်ထားတာ ဖြစ်ပါတယ်။
ဒီသီချင်းရဲ့ အစိတ်အပိုင်းတချို့ကို Jun Inoue ကိုယ်တိုင်ဖန်တီးထားတဲ့ AI နည်းပညာကို အသုံးပြုထားတယ်လို့ သိရပါတယ်။ ကတ်သလစ်ဘာသာဝင်ဖြစ်ပြီး ဂျပန်ထိပ်တန်း တေးဂီတအဖွဲ့တွေ အတွက် သီချင်းတွေ ရေးစပ်ပေးလေ့ရှိတဲ့ Jun Inoue ကတော့ AI နည်းပညာကို သုံးပြီး သီချင်းရေးတာကို စိုးရိမ်မှုရှိတယ်လို့ ဆိုပါတယ်။
“သီချင်းတပုဒ်ဖြစ်လာဖို့ ကျနော့်မှာရှိသမျှ အားလုံးကို ပေးသင့်တယ်လို့ တွေးမိတယ်။ အဲဒီအတွက်ပဲ ဒီသီချင်းမှာ နောက်ဆုံးပေါ် နည်းပညာကို ထည့်ဖို့ ဆုံးဖြတ်လိုက်တာပါ”လို့ Jun Inoue က ပြောပါတယ်။
Jun Inoue ဟာ သီချင်းရေးစပ်ရာမှာ Amadeus Code AI ရဲ့ အကူအညီကို ယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဂျပန်နိုင်ငံ ကတ်သလစ် ဘုန်းတော်ကြီးများ ကွန်းဖရင့်ရဲ့ ညွှန်ကြားမှုနဲ့ ရေးသားခဲ့တဲ့ ဒီသီချင်းကို နာဂါဆာကီနဲ့ တိုကျိုမြို့က ပြည်သူတွေအရှေ့မှာ သီဆိုမှာ ဖြစ်ပြီး နားမကြားသူတွေ အတွက် ဂျပန်လက်အမူအရာနဲ့ ပုံစံဖော်ပြသွားမယ့် အပြင် ကာရာအိုကေဗားရှင်းတွေလည်း ထွက်ရှိလာမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ နိုဝင်ဘာလ ၂၀ ရက်နေ့က ထိုင်းနိုင်ငံကို ရောက်ရှိနေတာဖြစ်ပြီး ဂျပန်နိုင်ငံကိုတော့ နိုဝင်ဘာ ၂၃ မှာ ရောက်ရှိမှာ ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ဟာ လွန်ခဲ့တဲ့ ၃၈ နှစ်က ပုပ် John Paul II ပြီးနောက် ဂျပန်ကို လာရောက်လည်ပတ်တဲ့ ဒုတိယမြောက် ပုပ်လည်း ဖြစ်ပါတယ်။
Ref. BKKpost