နယူးဇီလန်နိုင်ငံသူနဲ့ သြစတြေးလျ နိုင်ငံသားတို့ရဲ့ မင်္ဂလာ အခမ်းအနားကို အမြင့်ပေ ၃၇,၀၀၀ ကျော်မြင့်တဲ့ Jetstar လေကြောင်းလိုင်းက လေယာဉ်ပေါ်မှာ ကျင်းပခဲ့ပါတယ်။ Sydney ကနေ Auckland ကိုသွားတဲ့ လေယာဉ် နံပါတ် ၂၀၁ ပေါ်မှာ လက်ထပ်ခဲ့ကြတာပါ။
သြစတြေးလျနိုင်ငံသား ဒေးဗစ် ဗယ်လင့်နဲ့ နယူးဇီလန်နိုင်ငံသူ ကေသီ ဗယ်လင့်တို့ဟာ နှစ်နိုင်ငံကြား ပျံသန်းနေတဲ့ လေယာဉ်ပေါ်က ခရီးသည်တွေနဲ့ လေယာဉ် အမှူထမ်းတွေရှေ့မှာပဲ လက်ထပ်ပွဲကို ထူးထူးခြားခြားဖြစ်အောင် စီစဉ်ခဲ့ကြတာပါ။ မိခင်နှစ်နိုင်ငံကြား လေယာဉ် ပျံသန်းချိန်မှာ တယောက်နဲ့တယောက် ကတိပြုသစ္စာ ဆိုခဲ့ကြပါတယ်။
“ကျမအတွက်တော့ အကောင်းဆုံး အမှတ်တရအဖြစ် ဘဝတလျှောက်လုံး အမြဲ အမှတ်ရနေတော့မှာပါ”လို့ သတို့သမီးဖြစ်သူ ကေသီက သူ့ရဲ့ ခံစားချက်တွေကို ပြောပြခဲ့ပါတယ်။ သူတို့ စုံတွဲဟာ ၂၀၁၁ ခုနှစ်မှာ ကွန်ပျူတာဂိမ်း “Airport City” ကစားရင်း အွန်လိုင်းပေါ်ကတဆင့် ခင်မင်ခဲ့ကြပြီးနောက် ၂ နှစ်အကြာမှာတော့ Sydney လေဆိပ်မှာ ပထမဆုံး လူချင်းတွေ့ဖြစ်ခဲ့ကြတာပါ။
တရားရုံးမှာ တရားဝင် လက်မှတ်ထိုးပြီးတာနဲ့ လေဆိပ်ကို ဆင်းပြီး မင်္ဂလာအခမ်းအနားကို လေယာဉ် ပျံသန်းနေတုန်း လုပ်ခဲ့တာကတော့ အမှတ်ရစရာပဲလို့ ဆိုပါတယ်။ ကေသီဟာ ဒီလို ထူးခြားတဲ့မင်္ဂလာအခမ်းအနား အိုင်ဒီယာကို Jetstar ရဲ့ Facebook စာမျက်နှာပေါ်မှာ ရေးတင်ခဲ့ရာကတဆင့် လေကြောင်းလိုင်းက သိရှိသွားပြီး ခွင့်ပြုခဲ့တာပါ။
“ကျမတို့ရဲ့ လေယာဉ် အမှတ်တရ အချစ်သင်္ကေတကိုလည်း ရချင်တယ်။ နယူးဇီလန်နဲ့ သြစတြေးလျနိုင်ငံတို့ရဲ့ အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုကို ပြချင်တာတွေကြောင့် Jetstar လေကြောင်းလိုင်းကို အကူအညီ တောင်းခဲ့တာပါ”လို့ ကေသီက ဆိုပါတယ်။
လေကြောင်းလိုင်းဘက်ကလည်း ခွင့်ပြုပေးခဲ့တဲ့အပြင် မင်္ဂလာ အခမ်းအနားအတွက် လိုအပ်တာတွေကိုပါ ပြင်ဆင်ပေးခဲ့ပါတယ်။ ဒါ့ပြင် လေယာဉ်ပေါ်က ခရီးသည်တွေကိုလည်း မင်္ဂလာ အခမ်းအနား ကျင်းပမယ့် အကြောင်းနဲ့ မှတ်တမ်း ရိုက်ကူးမယ့်အကြောင်းကို ကြိုတင် အကြောင်းကြားခဲ့သလို ခရီးစဉ် ပြောင်းချင်သူတွေဆိုလည်း အခမဲ့ ပြောင်းပေးခဲ့တယ်လို့ Jetstar လေကြောင်းလိုင်းမှ တာဝန်ရှိသူ တဦးက ဆိုပါတယ်။
Ref: edition.cnn
You may also like these stories:
လေယာဉ် ထွက်ခါနီးမှ လေယာဉ် တောင်ပံပေါ် ခိုးတက်တဲ့ အမျိုးသား
ဘင်္ဂလားဒေ့ရှ် လေယာဉ်အပိုင်စီးသူ သေနတ်အတု ကိုင်ဆောင်လာသည်ဟုဆို