၁၉၀၀ ပြည့်နှစ် ကာလတွေတုန်းက ကမ္ဘာတဝှမ်းလုံးမှာ ကျားကောင်ရေ ၁ သိန်းကျော် ရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် ရောက်လာတဲ့အချိန်မှာတော့ ကျားကောင်ရေ ၃၂၀၀ သာ ကျန်ရှိပါတော့တယ်။ ကျား အပါအဝင် သက်ရှိ၊ သက်မဲ့တွေဟာ ကမ္ဘာကြီးရဲ့ ဂေဟစနစ်ကို ထိန်းသိမ်းပေးထားပါတယ်။
ဂေဟစနစ်ဆိုတာကတော့ ဒေသတခုအတွင်းနေထိုင်ကြတဲ့ သက်ရှိ သက်မဲ့ ၊ မြေ ၊ ရေ ၊ လေ ၊ နေရောင်ခြည် စတဲ့ ရုပ်ပိုင်းဆိုင်ရာ သဘာဝပတ်ဝန်းကျင် အစိတ်အပိုင်းတွေရဲ့ အပြန်အလှန် ဆက်စပ်နေမှုကို ဆိုလိုပါတယ်။
ကမ္ဘာကြီးပေါ်က တိရစ္ဆာန်အများစုဟာ တရားမဝင် တောလိုက်မှုတွေကြောင့် နှစ်စဉ် သေဆုံးနေရပါတယ်။ တိရစ္ဆာန်တွေ သေဆုံးရတဲ့ အကြောင်းအရင်းတွေထဲမှာ လူတွေရဲ့ မဆင်မခြင် တောလိုက်မှုတွေအပြင် စားကျက်မြေ ရှားပါးမှု၊ ရာသီဥတုပြောင်းလဲမှုနဲ့ အစားအစာ ရှားပါးမှုတွေကြောင့်လည်း ပါဝင်ပါတယ်။
ဒါကြောင့်လည်း နောက်ပိုင်းကာလတွေမှာ တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးလို အဖွဲ့အစည်းတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီအဖွဲ့အစည်းတွေရဲ့ ရည်ရွယ်ချက်ကတော့ ပျောက်ဆုံးလုနီးပါး ဖြစ်နေတဲ့ သားရိုင်းတိရစ္ဆာန်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ပါ။
အိန္ဒိယနိုင်ငံမှာ အပူချိန်က တိုးလာနေပါတယ်။ အပူချိန် တိုးလာနေသလိုပဲ ဘင်္ဂလားကျား အရေအတွက်က တိုးလာပါတယ်။ ဘင်္ဂလားကျားကို အိန္ဒိယနိုင်ငံမှာ အများဆုံးတွေ့ရပါတယ်။ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဘူတန်၊ တရုတ်နဲ့ မြန်မာနိုင်ငံတို့မှာလည်း အနည်းငယ် တွေ့ရနိုင်ပါသေးတယ်။
အိန္ဒိယနိုင်ငံမှာ နှစ်အတန်ကြာ ထိန်းသိမ်းစောင့်ရှောက်မှုတွေ ပြုလုပ်အပြီးမှာတော့ ဘင်္ဂလားကျား အရေအတွက်က တိုးလာခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ၂၂၂၆ ကောင်သာ ရှိခဲ့ပေမယ့် အခုဆိုရင် ဘင်္ဂလားကျား အရေအတွက်က ၂၉၆၇ ကောင်အထိ ရှိလာခဲ့တယ်လို့ အိန္ဒိယအစိုးရက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒီလို အောင်မြင်ခဲ့တဲ့ ဖြစ်ရပ်ကို “သမိုင်းဝင် အောင်မြင်မှု” လို့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက ချီး ကျူးစကား ဆိုခဲ့ပါတယ်။
ကမ္ဘာပေါ်မှာရှိတဲ့ ကျားအရေအတွက်ကို ၄ နှစ် ၁ ကြိမ် စာရင်းကောက်ယူလေ့ ရှိပါတယ်။ ၁၂ နှစ်တာကာလအတွင်း အိန္ဒိယမှာရှိတဲ့ ကျား အရေအတွက်က ၂ ဆ တိုးလာခဲ့ပါတယ်။ ကျားပေါက်လေးတွေကိုလည်း ၂၀၀ စတုရန်း ကီလိုမီတာ ကျယ်ဝန်းတဲ့ စားကျက်မြေတွေ ပေးထားပါတယ်။ သေချာပြုစု စောင့်ရှောက်ခဲ့တဲ့ အတွက်ကြောင့်လည်း အခုလို ကျားကောင်ရေ ပမာဏ တိုးလာရတာ ဖြစ်ပါတယ်။
Ref: globalcitizen
You may also like these stories:
အိန္ဒိယနိုင်ငံကို သွားလည်တဲ့အခါ ရှောင်ကြဉ်ရမယ့် အချက် ၆ ချက်
၂၀၁၉ ခုနှစ်မှာ ခရီးသည် ၄၁ သန်းလာရောက်ဖို့ မျှော်လင့်ထားတဲ့ ထိုင်းနိုင်ငံ
အီတလီနိုင်ငံ၊ Orfei ဆပ်ကပ်မှ ကျားထိန်းသမား ကျား ၄ ကောင် ကိုက်ခံရပြီး သေဆုံး