အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်က Port St. Lucie မြို့လေးမှာ အိမ်မွေးခွေးတကောင် ကားမောင်းနေ တဲ့ဖြစ်ရပ်က ကြားရသူတိုင်း အံ့သြသင့်ခဲ့ရပါတယ်။ ပိုင်ရှင် စက်နှိုးထာတဲ့ကားကို ၁ နာရီလောက်ကြာအောင် မောင်းနေခဲ့လို့ တာဝန်ရှိသူတွေလာပြီး ကူညီကယ်ဆယ်ခဲ့ရပါတယ်။
ဒီဖြစ်စဉ်ကို မြင်တွေ့ခဲ့တဲ့ အိမ်ရှင် Anne Sabol က “ပထမတော့ တယောက်ယောက်လာပြီး ရပ်ထားတဲ့ကားကို နောက်ပြန်ဆုတ်နေတယ်ပဲ ထင်လိုက်တာ။ ဒါပေမယ့် ကားက ဆက်မမောင်းဘဲ နောက်ပြန်လည်နေတော့ ဘာများဆက်လုပ်မလဲဆိုပြီး စောင့်ကြည့်နေလိုက်မိတယ်” လို့ ဆိုပါတယ်။
Sabol ဟာ လမ်းပေါ်က ရပ်ထားတဲ့ကားကို ဘယ်သူ ယူမောင်းနေလဲ သေချာမသိပေမယ့် ကားကနောက်ပြန် လည်နေတာကြောင့် မောင်းတတ်ခါစ ကျောင်းသားတယောက်ယောက် ယူမောင်းတယ် ထင်ခဲ့တာပါ။ နောက်မှ တရားခံက ခွေးတကောင်ဖြစ်နေပြီး စက်ဝိုင်းပုံအတိုင်း နောက်ပြန်လည်နေတဲ့ ကားကြောင့် အနီးအနားက အိမ်နီးချင်းတွေရဲ့ စာတိုက်ပုံးတွေ ထိခိုက်မိခဲ့ပေမယ့် ကားကတော့ ကြီးကြီးမားမား ပျက်စီးသွားတာမျိုး မရှိခဲ့ပါဘူး။
အဲ့ဒီနောက်မှာတော့ မီးသတ်နဲ့ ရဲစခန်းက ကယ်ဆယ်ရေးတွေရောက်လာပြီး စောင့်ကြည့်နေချိန်မှာ ကားက စာတိုက်ပုံးနဲ့ အမှိုက်ပုံးတွေကို တိုက်မိခဲ့ပြီး အရှိန်လျော့သွားခဲ့ပါတယ်။ Port St.Lucie မြို့က ရဲအရာရှိတွေ ကား တံခါးဖွင့်ကြည့်လိုက်ချိန်မှာ Labrador Retriever အမျိုးအစား အမည်းရောင် ခွေးတကောင် ယာဉ်မောင်းခုံမှာ ထိုင်နေတာ တွေ့လိုက်ရပါတယ်။
စုံစမ်းချက်အရ ခွေးပိုင်ရှင်က လမ်းပေါ်မှာ ကားစက်နှိုးခဲ့ပြီး ခဏ ရပ်ခဲ့ချိန်မှာ ခွေးက ဂီယာချိန်းလိုက်တာကြောင့် စက်မရပ်သွားဘဲ ၁ နာရီကြာအောင် နောက်ပြန်လည်နေရင်းက မတော်တဆမှု ဖြစ်ခဲ့ရတာလို့ ရဲစခန်း တာဝန်ရှိသူတွေက ဆိုပါတယ်။
အနီးအနားအိမ်တွေက ပျက်စီးသွားတဲ့ စာတိုက်ပုံးတွေကိုလည်း ပြန်လည် ပြင်ဆင်ပေးမယ်လို့ ကားပိုင်ရှင်က ကတိပြုထားပါတယ်။ ဒီဖြစ်စဉ်ကို အစအဆုံးမြင်တွေ့ခဲ့တဲ့ Anne Sabol ကတော့ ကားမောင်းနေတဲ့ခွေးလေးကို အလွန်သဘောကျနေပြီး သူတို့ကိုလဲ ယာဉ်မောင်းလိုင်စင် ပေးသင့်တာပေါ့လို့ အရွှန်းဖောက်ပြောသွားပါသေးတယ်။
Ref: edition.cnn
You may also like these stories:
Apple မောင်းသူမဲ့ကားတစီး ပထမဆုံးအကြိမ် ယာဉ်တိုက်မှုဖြစ်
ပုပ်ရဟန်းမင်းကို AI နည်းပညာနဲ့ ရေးထားတဲ့ သီချင်းနဲ့ ကြိုဆိုမယ့် ဂျပန်နိုင်ငံ
အမြင့်ပေပေါင်း ၃၇,၀၀၀ ကျော်၊ လေယာဉ်ပေါ်မှာ မင်္ဂလာပွဲ ကျင်းပခဲ့တဲ့ စုံတွဲ