ပိုလန်နိုင်ငံ၊ Jagiellonian တက္ကသိုလ်က ဆေးပညာရှင်တွေ ပြုလုပ်တဲ့ လေ့လာချက်တွေအရ သမီးမိန်းကလေးရှိတဲ့ ဖခင်တွေဟာ ပုံမှန်ထက်ပိုပြီး ကျန်းမာ အသက်ရှည်ကြတယ်လို့ ဆိုပါတယ်။
သားသမီး မွေးဖွားမှုနဲ့ ပတ်သက်ပြီး အရင်တုန်းက ပြုလုပ်ခဲ့တဲ့ လေ့လာချက်တွေမှာဆိုရင် မိဘတွေရဲ့ သက်ရှည်ကျန်းမာမှုဟာ သားသမီးအပေါ် မူတည်မှု မရှိကြောင်း ပြောဆိုခဲ့ပေမယ့် ပြောင်းလဲလာတဲ့ လူနေမှုစနစ်နဲ့ အခြေအနေတွေကြောင့် ဒီအချက်ကို ထပ်မံလေ့လာရမှာ တွေ့ရှိခဲ့ကြတာလည်း ဖြစ်ပါတယ်။
ဒီလေ့လာတွေ့ရှိချက်အရ သမီးမိန်းကလေး မွေးထားတဲ့ ဖခင်တွေဟာ သားယောကျာ်းလေး မွေးထားတဲ့ ဖခင်တွေထက်ပိုပြီး သက်ရှည် ကျန်းမာကြတယ်လို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။
ဒီလေ့လာဆန်းစစ်မှုအတွက် လူပေါင်း ၄,၃၀၀ ကျော်ကို လေ့လာ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး သားယောကျာ်းလေး မွေးထားခြင်းဟာ ဖခင်တွေရဲ့ ကျန်းမာရေးအပေါ် တစုံတရာ သက်ရောက်မှု မရှိပေမယ့် သမီးမိန်းကလေး မွေးထားတဲ့ ဖခင်တွေကတော့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပိုမိုကောင်းမွန်ပြီး သက်ရှည် ကျန်းမာကြတယ်လို့ တွေ့ရှိခဲ့ကြတာပါ။
လေ့လာမှု အသေးစိတ်အရ သမီးမိန်းကလေး များများမွေးထားတဲ့ ဖခင်တွေဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ခြေ နည်းပါးပြီး သမီး မိန်းကလေး တယောက် မွေးတိုင်း ဖခင်တွေဟာ ပျမ်းမျှအားဖြင့် အသက်တနှစ် ပိုရှည်ကြတယ်လို့ ဆိုပါတယ်။
လက်တွေ့ဘဝမှာ ဆိုရင်လည်း ဖခင်တော်တော်များများဟာ သမီး မိန်းကလေးတွေကို ပိုမို အချစ်ပိုကြပြီး သမီးတွေနဲ့ အချိန်ကုန်ဆုံးရတာကို နှစ်ခြိုက်ပျော်ရွှင်ကြတာကို တွေ့ရပါတယ်။ ဒီလေ့လာတွေ့ရှိချက်ဟာ သမီး မိန်းကလေး မွေးထားတဲ့ ဖခင်တွေအတွက် သတင်းကောင်းတခုဖြစ်ပြီး မိခင်တွေနဲ့ ပတ်သက်လို့တော့ သားသမီးမွေးဖွားမှုအပေါ် မူတည်တဲ့ ကျန်းမာရေး လေ့လာချက်တွေကို မပြုလုပ်ရသေးပါဘူး။
အမျိုးသမီးတွေ အနေနဲ့ကတော့ သက်ရှည်ကျန်းမာပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေ နည်းပါးချင်ရင် အိမ်ထောင်ပြုကာ သားသမီးယူခြင်းထက် တကိုယ်တည်း နေထိုင်ခြင်းက ကျန်းမာရေးကို ပိုမိုကောင်းမွန်စေနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
Ref. brightside.me