အဘွားအိုရဲ့ နာမည်ကတော့ Judhaiya Bai Baiga ပါ။ သူ့ရဲ့မျိုးနွယ်စုကတော့ Yo ဖြစ်ပါတယ်။ အခုဆိုရင် သူဟာ အသက် ၈၀ ရှိပါပြီ။ အသက် ၇၀ ရောက်မှ ပန်းချီရေးဆွဲနည်းကို သင်ယူခဲ့ပါတယ်။ သူ ရေးဆွဲခဲ့တဲ့ ပန်းချီကားတွေကို အီတလီနိုင်ငံ၊ မီလန်မြို့နဲ့ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ ပန်းချီပြပွဲတွေမှာ ရောင်းချနိုင်ခဲ့ပါတယ်။
မီလန်မြို့က ပန်းချီပြပွဲတခုမှာ အဘွားအိုရဲ့ ပန်းချီကားတွေကို ပြသတဲ့အခါ ချက်ချင်းဆိုသလိုပဲ ရောင်းခဲ့ရပါတယ်။ တကယ်တော့ ဒီပြပွဲဟာ သူ့ရဲ့ ပထမဆုံးသော ပြပွဲ မဟုတ်ပါဘူး။ အခြား ပြည်ပ အနုပညာ ပြပွဲတွေမှာလည်း ပန်းချီကားများစွာ ရောင်းချခဲ့ရပါတယ်။
အဘွားအိုဟာ အိန္ဒိယနိုင်ငံ၊ Madhya Pradesh ပြည်နယ်အတွင်းက Lorha ရွာမှာ နေထိုင်ပါတယ်။ အသက် ၇၀ ရောက်မှ ပန်းချီပညာကို စတင်လေ့လာပြီး အခုအချိန်မှာတော့ ကမ္ဘာမှာ အောင်မြင်နေတဲ့အတွက် အသက်အရွယ်ဆိုတာ လူတယောက်အတွက် အရေးကြီးတဲ့အရာ မဟုတ်ဘူးဆိုတာ သူ့ရဲ့အောင်မြင်မှုတွေက ဖော်ပြနေပါတယ်။
“ပန်းချီရေးနေတဲ့အချိန်ဟာ တခြားကမ္ဘာတခုကို ရောက်နေရသလိုပါပဲ။ ငှက်တကောင်လိုလည်း ပေါ့ပါး လွတ်လပ်ပါတယ်”လို့ ပန်းချီရေးဆွဲတာနဲ့ပတ်သက်ပြီး အဘွားအိုက အခုလိုပဲ ပြောပါတယ်။
သူရေးဆွဲတဲ့ ပန်းချီကားတွေနဲ့ သူနေတဲ့ရွာကို ကမ္ဘာကြီးက သိလာကြပါတယ်။ အဘွားအိုဟာ ထုံးတမ်း အစဉ်အလာတွေကို ရှင်သန်စေသူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ပန်းချီကားတွေကို အိန္ဒိယနဲ့ ပြည်ပနိုင်ငံတွေက ပန်းချီပြခန်းပေါင်းများစွာမှာ မြင်တွေ့နိုင်ပါတယ်။
အခုလို အဘွားအိုရဲ့ပန်းချီကားတွေကို နိုင်ငံတကာက အသိအမှတ်ပြုလာတာနဲ့ ပတ်သက်ပြီး ဘယ်လိုခံ စားရသလဲလို့ မေးတဲ့အခါ “ဒါက ကျမဘဝကို မပြောင်းလဲနိုင်ပါဘူး။ ဒါပေမဲ့ အမျိုးသမီးများစွာရဲ့ ဘဝတွေကိုတော့ ပြောင်းလဲနိုင်ပါတယ်။ ကျမ ချွေးမ အပါအဝင်ပေါ့။ အမျိုးသမီးတွေအနေနဲ့ ပန်းချီကို ပိုမို စိတ်ဝင်စားလာပါလိမ့်မယ်။ အချို့အမျိုးသမီးတွေက ပန်းချီရေးဆွဲချင်ကြပေမယ့် ဝင်ငွေ မရမှာစိုးတဲ့အတွက် နောက်ကြောင်းပြန်လှည့်သွားကြပါတယ်”လို့ သူက ဆိုပါတယ်။
အဘွားအိုရဲ့ခင်ပွန်းက သူ အသက် ၄၀ အရွယ်မှာပဲ ကွယ်လွန်ခဲ့ပါတယ်။ အခုတော့ အဘွားအိုဟာ သူ့ရဲ့ သား ၂ ယောက်နဲ့ အတူ နေထိုင်နေပါတယ်။
Ref: thebetterindia, iforher