ကင်ညာနိုင်ငံ၊ Pwani ကျေးလက်ဒေသက စာသင်ခန်းထဲမှာ ကမ္ဘာ့အတော်ဆုံး ကျောင်းဆရာလို့ သတ်မှတ်ခံထားရတဲ့ Peter Tabichi တယောက် ကလေးတွေကို သိပ္ပံဘာသာရပ် သင်ကြားပို့ချပေးနေပါတယ်။ ကျောင်းဆရာ၊ ဆရာမ မျိုးရိုးက ဆင်းသက်လာသူပီပီ Peter ဟာ စာသင်ကြားတဲ့ အလုပ်ကို နှစ်သက် သဘောကျတယ်လို့ ဆိုပါတယ်။
အသက် ၃၇ နှစ်အရွယ် Peter ဟာ အမြဲတမ်း သူ့ရဲ့ လစဉ်ဝင်ငွေထဲက ၈၀ ရာခိုင်နှုန်းကို မရှိ ဆင်းရဲသားတွေကို ကူညီထောက်ပံ့ပေးနေတာကြောင့် ကမ္ဘာ့အတော်ဆုံး ကျောင်းဆရာတယောက်အဖြစ် ဖြစ်လာခဲ့တာပါ။
လူဦးရေများပြီး ဝေးလံတဲ့ ကျေးလက်ဒေသ Keriko အလယ်တန်းကျောင်းမှာ သင်္ချာနဲ့ ရူပဗေဒဘာသာရပ်ကို သင်ကြားပေးနေတဲ့ သူ့ကို ၂၀၁၉ ခုနှစ်ရဲ့ အတော်ဆုံး ကျောင်းဆရာအဖြစ် မတ်လတုန်းက UAE နိုင်ငံမှာ ကျင်းပတဲ့ Varkey Foundation က ချီးမြင့်တဲ့ 2019 Global Teacher Prize ပေးအပ်ခဲ့ပါတယ်။
ကမ္ဘာ့အတော်ဆုံး ကျောင်းဆရာအဖြစ် ဆုငွေ ဒေါ်လာ ၁ သန်း ချီးမြင့်ပေးအပ်ရတဲ့ အကြောင်းရင်းကတော့ ကျောင်းဆရာတယောက်ရဲ့ စွန့်လွှတ် အနစ်နာခံမှု၊ အလုပ်ကြိုစားမှုနဲ့ ကလေးတွေအပေါ် ထားတဲ့ ယုံကြည်မှုတွေကို အကဲဖြတ် ဆုံးဖြတ်ပေးခဲ့ကြတာပါ။
Tabichi သင်ကြားပေးနေတဲ့ ကျောင်းဟာ မြို့နဲ့ အလှမ်းဝေးတဲ့ ကျေးလက်ဒေသ ဖြစ်တဲ့အပြင် လူဦးရေ ထူထပ်တာကြောင့် ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်မှု၊ မူးယစ်ဆေးဝါးနဲ့ အရွယ်မရောက်ခင် လက်ထပ်ကြတဲ့ ပြဿနာတွေနဲ့ ပြည့်နှက်နေတာပါ။ ကျောင်းသား ၉၅ ရာခိုင်နှုန်းဟာ ဆင်းရဲတဲ့ မိသားစုကဖြစ်ပြီး အဲ့ထဲက ၃ ပုံ ၁ ပုံကတော့ မိဘမဲ့တွေနဲ့ အမေ၊ ဒါမှမဟုတ် အဖေ တယောက်တည်း ပြုစု စောင့်ရှောက်နေရသူတွေပါ။
“ကိုယ်သင်ပေးလိုက်တဲ့ ကလေးတွေထဲက အဆင့်တွေကောင်းပြီး သူတို့ဘဝ တိုးတက်သွားတာမြင်ရင် ကျနော် အရမ်းပဲ ပျော်ရွှင်ရပါတယ်။ ဒီကျောင်းကနေ တခြားဒေသတွေက ကလေးတွေထက် ထူးချွန်ပြီး နိုင်ငံတကာ အဆင့်တွေထိပါ တက်လှမ်းနိုင်ဖို့ဆိုတာ ဘာလို့မဖြစ်နိုင်ရမှာလဲ”လို့ Tabichi က ဆိုပါတယ်။
Peter Tabichi သင်ကြားပေးနေတဲ့ အလယ်တန်းကျောင်းဟာ ကျေးလက်ဒေသမှာဖြစ်လို့ အင်တာနက် ကောင်းကောင်း အသုံးပြုလို့ မရပေမယ့် သူကတော့ သင်ခန်းစာတွေကို ၈၀ ရာခိုင်နှုန်း နီးပါးလောက် နည်းပညာ အကူအညီတွေ သုံးပြီး သင်ကြား ပို့ချပေးခဲ့ပါတယ်။
အကူအညီ လိုအပ်နေတဲ့ ဆင်းရဲသား ကလေးငယ်တွေကို စာပြန် သင်ကြားပို့ချပေးနေရတဲ့ အကြောင်းရင်းကလည်း သူ့ငယ်ဘဝ ဖြတ်သန်းပုံနဲ့ တူညီခဲ့တာကြောင့်ဖြစ်ပြီး စာသင်ဖို့အတွက် နေ့တိုင်း ၇ ကီလိုမီတာ ဝေးတဲ့ ကျောင်းကို လမ်းလျှောက်သွားရပါတယ်။
Ref: edition.cnn