အဘွားအိုရဲ့နာမည်ကတော့ Whang-od Oggay လို့ ခေါ်ပါတယ်။ ၁၉၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်နေ့ မှာ အဘွားအိုကို မွေးဖွားခဲ့ပါတယ်။ အခုဆိုရင်တော့ သူမရဲ့ အသက်က ၁၀၂ ကျော်ခဲ့ပါပြီ။ ၁၀၂ ကျော်ခဲ့ပေမယ့်လည်း ခုချိန်ထိတိုင်အောင် တက်တူးထိုးချင်တဲ့လူတွေကို ဖိလစ်ပိုင်ရိုးရာ တက်တူးထိုးနည်းနဲ့ တက်တူး ထိုးပေးနေနိုင်တုန်းပါ။
သူမဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ လူမျိုးစုကြီးဖြစ်တဲ့ Kalinga လူမျိုးစုထဲက Butbut အနွယ်ဝင် တယောက်ပါ။ သူမကို Kalinga ရိုးရာတက်တူးထိုးနည်း ကျွမ်းကျင်သူတယောက်အဖြစ်သာမက ကမ္ဘာ့အသက်အကြီးဆုံး ရိုးရာတက်တူးထိုးသူအဖြစ်ပါ မကြာခဏ ဖော်ပြလေ့ ရှိကြပါတယ်။
သူမဟာ လွန်ခဲ့တဲ့ ၈၇ နှစ်၊ သူမအသက် ၁၅ နှစ်အရွယ်ကတည်းက ရိုးရာတက်တူးကို စတင် ထိုးပေးခဲ့ပါတယ်။ သူမ တက်တူးထိုးပေးခဲ့တာ ဒေသခံတွေတင်မက နိုင်ငံတကာက လာရောက်ကြတဲ့ ခရီးသွားဧည့်သည်တွေကိုလည်း ဖိလစ်ပိုင်ရိုးရာ တက်တူးတွေကို ထိုးပေးခဲ့ရပါတယ်။
အသက် ၉၇ နှစ်မှာတော့ ဖိလစ်ပိုင်အစိုးရက ပေးအပ်တဲ့ National Treasures Award ကို ရရှိခဲ့ပါတယ်။ ဒီဆုကို ပေးအပ်တဲ့ ရည်ရွယ်ချက်ကတော့ တက်တူးအသိုင်းအဝိုင်းမှာ သူမရဲ့ ကြီးမားတဲ့ သမိုင်းဝင် လုပ်ရပ်တွေကြောင့်ပါ။ သူမဟာ “batok” စတိုင် တက်တူးရေးဆွဲနည်းစနစ်မှာ အသက် အကြီးဆုံးနဲ့ နောက်ဆုံးမျိုးဆက်ပါပဲ။ “batok” စတိုင် တက်တူးရေးဆွဲနည်းစနစ်ဟာ ကမ္ဘာပေါ်မှာ ရှားပါးနေတဲ့ နည်းစနစ်လည်း ဖြစ်ပါတယ်။
၂၀၀၉ ခုနှစ်မှာ အမေရိကန် မနုဿဗေဒပညာရှင် Dr.Lars Krutak က Discovery Channel မှာ Tattoo Hunter အမည်နဲ့ အစီအစဉ်တခုကို ထုတ်လွှင့်ခဲ့ပါတယ်။ အဲဒီအစီအစဉ်မှာ ဖိလစ်ပိုင်နိုင်ငံက အဘွားအိုလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီအစီအစဉ် ပြီးတဲ့နောက်မှာတော့ ကမ္ဘာမှာ သူမက နာမည်ကြီးလာခဲ့ပါတယ်။
သူမကတော့ သူမ ထိုးပေးလေ့ရှိတဲ့ တက်တူးအမျိုးအစားကို “Mambabatok” လို့ ခေါ်လေ့ရှိပါတယ်။ ဒီတက်တူးရေးဆွဲတဲ့နည်းပညာက လွန်ခဲ့တဲ့နှစ် ထောင်ပေါင်းများစွာက ယဉ်ကျေးမှု အမွေအနှစ်လည်းဖြစ်ပါတယ်။ သူမ ရေးဆွဲလေ့ရှိတဲ့ တက်တူးပုံစံတွေကတော့ သဘာဝ သင်္ကေတတွေ၊ ဂျီသြမေတြီနဲ့သက်ဆိုင်တဲ့ ဒီဇိုင်းတွေနဲ့ သူမရဲ့လူမျိုးဖြစ်တဲ့ Butbut ကို ကိုယ်စားပြုတဲ့ ပုံစံတွေကို အများအားဖြင့် ရေးဆွဲလေ့ ရှိပါတယ်။
Ref: tattoodo, ichcap
You may also like these stories:
အသက် ၅၀ ကျော်ပေမယ့် လှပနေဆဲ ဂျပန် Cosplayer အမျိုးသမီး
လူမှုကွန်ရက်မှာ ရေပန်းစားနေတဲ့ ထိုင်းနိုင်ငံက အသက် ၅၆ နှစ်အရွယ် မော်ဒယ်
အသက် ၇၀ အရွယ်မှာ ပန်းချီစဆွဲပြီး နိုင်ငံတကာထိ အောင်မြင်လာတဲ့ အိန္ဒိယ အဘွားအို