နိုင်ငံတကာကို ခရီးသွားနေကြတဲ့ ကမ္ဘာလှည့် ခရီးသည်တွေထဲမှာ အတန်းအစားပေါင်းစုံ ပါဝင်ပါ တယ်။ တချို့က ကိုယ်ရောက်ရာဒေသမှာ စည်းကမ်းရှိရှိ နေထိုင်တတ်ကြသလို တချို့တွေကတော့ လည်း စည်းမဲ့ကမ်းမဲ့ နေထိုင်တတ်ကြပါတယ်။
တချို့ခရီးသွားတွေက အမှိုက်ကို စည်းစနစ်တကျ ပစ်တတ်ကြပေမယ့် တချို့တွေကတော့ အမှိုက်ကို စည်းမဲ့ကမ်းမဲ့ ပစ်လေ့ ရှိကြပါတယ်။ အမှိုက်တွေကို စည်းမဲ့ကမ်းမဲ့ ပစ်လေ့ရှိတဲ့ အလေ့အထက နိုင်ငံကြီးသား ပီသတဲ့ အပြုအမူ မဟုတ်သလို သက်ဆိုင်ရာ နိုင်ငံရဲ့ အလှအပတွေကိုလည်း ညစ်နွမ်းစေပါတယ်။
စည်းကမ်းမဲ့ အမှိုက်ပစ်တဲ့အတွက်ကြောင့် မြို့ ရွာတွေရဲ့ အလှအပကို ပျက်စီးစေနိုင်ရုံသာမက တိရစ္ဆာန်တွေရဲ့ အသက်အန္တရာယ်ကိုလည်း ခြိမ်းခြောက်လာနေပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်၊ တနင်္လာနေ့က ထိုင်းနိုင်ငံ Lampang ပြည်နယ်အတွင်းက Khun Sathan အမျိုးသားဥယျာဉ် အတွင်းမှာ အသက် ၁၀ နှစ်အရွယ် ရှိပြီဖြစ်တဲ့ သမင် အထီးတကောင်ကို တွေ့ရှိခဲ့ပါတယ်။ ဥယျာဉ်စောင့်ဝန်ထမ်းတွေ တွေ့ရှိချိန်မှာတော့ သမင်က သေဆုံးနေခဲ့ပါပြီ။
ထိုင်းနိုင်ငံမြောက်ပိုင်းက တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးရုံးက သေဆုံးနေတဲ့ သမင်ကို ခွဲစိတ်မှုတွေ ပြုလုပ်ခဲ့ရာမှာတော့ သမင်သေရဲ့ အစာအိမ်ထဲမှာ ကော်ဖီ ပလတ်စတစ်ခွံတွေ၊ ခေါက်ဆွဲခြောက်ထုပ် ပလတ်စတစ်တွေ၊ ရာဘာ လက်အိတ်တွေ၊ လက်ကိုင်ပဝါတွေ၊ လူတွေရဲ့ အတွင်းခံပစ္စည်းတွေနဲ့ ပလတ်စတစ်ကြိုးတွေကို တွေ့ရှိခဲ့ပြီး စုစုပေါင်း ၇ ကီလိုဂရမ် (၁၅ ပေါင်ကျော်) တွေ့ရှိခဲ့ပါတယ်။
လူတွေ မဆင်မခြင် စွန့်ပစ်သွားတဲ့ အမှိုက်တွေကို အစာမှတ်ပြီး စားသုံးပြီးနောက်မှာ အခုလိုပဲ သေဆုံးခဲ့ရခြင်း ဖြစ်ပါတယ်။
ဥယျာဉ်စောင့် ဝန်ထမ်းတွေကတော့ သမင်ဟာ လွန်ခဲ့တဲ့ ရက်တွေကတည်းက သေဆုံးနေခဲ့တာဖြစ် တယ်လို့ ယုံကြည်ထားကြပါတယ်။ အမှိုက်တွေကို အစာမှတ်ပြီး စားသောက်ခဲ့တဲ့ သမင်ရဲ့ ကိုယ် အလေးချိန်က ၂၀၀ ကီလိုဂရမ် (ပေါင် ၄၄၀ ကျော်) ရှိပြီး ၁၃၅ စင်တီမီတာ ရှည်လျားပါတယ်။
ထိုင်းနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ အံ့သြစရာကောင်းလောက်အောင် တိုးတက်လာတာတော့ အမှန်ပါပဲ။ စီးပွားရေး တိုးတက်လာမှုနဲ့အတူ ထိုင်းနိုင်ငံဟာ သစ်တောပြုန်းတီးမှု ၊ စွန့်ပစ်ပစ္စည်းနဲ့ သဘာဝသားရိုင်း တိရစ္ဆာန်တွေ ရှားပါးလာမှု စတဲ့ပြဿနာတွေကိုလည်း ရင်ဆိုင်နေရပါတယ်။
အရှေ့တောင်အာရှ နိုင်ငံတွေမှာ ခရီးသွားလုပ်ငန်း အအောင်မြင်ဆုံး ဖြစ်နေတဲ့ ထိုင်းနိုင်ငံဟာ ခရီးသွားဧည့် သည်တွေ မဆင်မခြင်စွန့်ပစ်ခဲ့တဲ့ အမှိုက်ပြဿနာကိုလည်း ရင်ဆိုင်နေရပါတယ်။
စိုက်ပျိုးမြေတွေ ရရှိဖို့အတွက် သစ်တောတွေ ခုတ်ထွင် ရှင်းလင်းပစ်တာမျိုးတွေကြောင့် တောတွေ လည်း ပြုန်းလာနေပါတယ်။ ထိုင်းနိုင်ငံသားတချို့ကတော့ “ထိုင်းနိုင်ငံ တဝှမ်းလုံးဟာ ပလတ်စတစ်နဲ့ အမှိုက်သရိုက်တွေ ပြည့်နှက်နေပြီ”လို့ ပြောဆိုနေကြပါတယ်။
ထိုင်းလူမျိုးတွေဟာ တနှစ်ကို တကိုယ်ရည်သုံး ပလတ်စတစ် ၄၅ ဘီလီယံ စွန့်ပစ်နေကြပါတယ်။ ၁၂ ရာခိုင်နှုန်းကတော့ နေအိမ်က စွန့်ပစ်တဲ့ ပလတ်စတစ်တွေပါပဲ။
ထိုင်းနိုင်ငံရဲ့ စတိုးနဲ့ ကုန်စုံဆိုင်တွေမှာ သိုလှောင်ထားတဲ့ ပလတ်စတစ် ၁၃ ဒဿမ ၅ ဘီလီယံအထိ ရှိနေပါတယ်။ ၂၀၁၈ ဇွန်လတုန်းကလည်း ထိုင်းအစိုးရက ပလတ်စတစ်လျှော့ချရေးအတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။
ပလတ်စတစ်ဟာ လူတွေကိုသာမက တိရစ္ဆာန်တွေရဲ့ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာနေပါ တယ်။ ဒါကြောင့်လည်း နိုင်ငံအတော်များများမှာ ပလတ်စတစ် ဆန့်ကျင်မှုတွေ ဆောင်ရွက်လာကြပါ တယ်။ နိုင်ငံတကာကို ခရီးသွားနေကြသူတွေအနေနဲ့လည်း ပလတ်စတစ်ကို ဆင်ဆင်ခြင်ခြင် အသုံးပြုသင့်သလို ကိုယ့်နိုင်ငံ အတွင်းမှာလည်း ပလတ်စတစ် အသုံးပြုမှု လျှော့ချဖို့ လိုအပ်ပါတယ်။
Ref: chiangraitimes
You may also like these stories: