အမေရိကန်ပြည်ထောင်စု မြောက် Dakota ပြည်နယ် အခြေစိုက် Fargo ဆိုတဲ့ ဘီယာကုမ္ပဏီဟာဆိုရင်တော့ မွေးစားမယ့်သူလိုအပ်နေတဲ့ ပိုင်ရှင်မဲ့ခွေးလေးတွေရဲ့ဓာတ်ပုံကို ဘီယာသံဘူးတွေရဲ့ နောက်ကျောဘက်မှာ ရိုက်နှိပ်ပြီး အခမဲ့ကြော်ငြာပေးနေတာ ဖြစ်ပါတယ်။
ပြည်နယ်အတွင်းက တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေး ဂေဟာနဲ့ပူးပေါင်းပြီး ပြုလုပ်ခဲ့တဲ့ ဒီအစီအစဉ်ဟာ ခွေးချစ်သူတွေ၊ ခွေးမွေးစားချင်သူတွှေအတွက်လည်း အဆင်ပြေတဲ့ အစီအစဉ်တခုဖြစ်သလို လူသားဆန်တဲ့ သနားကြင်နာမှုကို ဖော်ပြရာလည်း ရောက်နေပါတယ်။
ဘီယာသံဘူးတွေနောက်ကျောမှာ ပိုင်ရှင်မဲ့ခွေးလေးတွေရဲ့ ဓာတ်ပုံရိုက်နှိပ်ပြီး ကြော်ငြာပေးအပြီး ပြည်နယ်တွင်း ပိုင်ရှင်မဲ့ခွေးမွေးစားသူ အရေအတွက်လည်း များပြားလာခဲ့သလို ကာလကြာရှည်ထိ မွေးစားမယ့်သူ မရှိသေးတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း ချို့တဲ့နေတဲ့ ခွေးလေးတွေပါ မွေးစားမယ့်သူ ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
ဘီယာသံဘူးရဲ့ နောက်ကျောဘက်မှာ အခုလို ကြော်ငြာပေးဖို့ အကြံရခဲ့သူကတော့ တိရစ္ဆာန်ထိန်းသိမ်း စောင့်ရှောက်ရေးဂေဟာမှာ Volunteer တဦးဖြစ်သလို Fargo ဘီယာကုမ္ပဏီမှာ အလုပ်လုပ်တဲ့ Jerad Ryan ဆိုသူရဲ့ အကြံဉာဏ်ဖြစ်ပြီး ကုမ္ပဏီရဲ့Boss ဖြစ်သူကို အကူအညီတောင်းခံခဲ့တာဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး Ryan က “ ကျနော့် Boss ကို ဒီလိုမျိုးလုပ်ကြည့်ဖို့ အရင်ပြောပြကြည့်တော့ ဒီ idea ကို သူကလည်း တော်တော်ကြိုက်သွားပါတယ်၊ အဲဒီ့အတွက်လည်း သူ့ကို ကျေးဇူးတင်ပါတယ်။ အခုဆို ပိုင်ရှင်မဲ့ခွေးလေးတွေက သူတို့ ကိုယ်ပိုင်အိမ်အသီးသီးဆီကို ရောက်ရှိသွားကြပါပြီ၊ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ အစီအစဉ်တခုကို အကောင်အထည် ဖော်နိုင်တဲ့အတွက်လည်း ဝမ်းသာမိပါတယ် ”လို့် အင်တာဗျူးတခုမှာ ဖြေကြားခဲ့ပါတယ်။
ဒီအစီအစဉ်ကို ဘီယာသောက်သုံးသူ တော်တော်များများကလည်း နှစ်ခြိုက်ကြသလို ပိုင်ရှင်မဲ့ခွေးလေးတွေရဲ့ ဓာတ်ပုံဟာ သူတို့ကို စိတ်အနှောင့်အယှက် မဖြစ်စေတဲ့အပြင် ကူညီရာရောက်တဲ့ Idea ကို ချီးကျူးကြောင်း ကုမ္ပဏီရဲ့ Facebook Page မှာရော၊ Mail တွေကနေ တဆင့်ပါ ပေးပို့နေကြတာဖြစ်ပါတယ်။
Ref. www.boredpanda.com
You may also like these stories:
အလုပ်လုပ်တဲ့နေရာကို နေ့တိုင်း ခွေးခေါ်လာတဲ့ သန့်ရှင်းရေး မိန်းကလေး
ပိုင်ရှင်တွေ စွန့်ပစ်ထားတဲ့ ခွေးဘီလူး ၂ ကောင်ကို မွေးစားခဲ့တဲ့ Dave Bautista
အချိန် ၁ နာရီလောက်ကြာအောင် ကားမောင်းခဲ့တဲ့ ဖလော်ရီဒါပြည်နယ်က ခွေးလေး
သြစတေးလျ တောမီးလောင်မှုမှာ ကိုအာလာ ဝက်ဝံတွေကို လိုက်လံ ရှာဖွေပေးခဲ့တဲ့ ခွေးလေး