ကမ္ဘာအရပ်ရပ်က မိန်းမငယ်လေးတွေဟာ အရွယ်မရောက်ခင်ကတည်း အတင်းအဓမ္မလက်ထပ် ပေးမှုကိုခံ နေရပါတယ်။ ဒီလို အတင်းအဓမ္မလက်ထပ်ပေးနေကြသူတွေထဲမှာ မိဘတွေလည်း ပါဝင်ပါတယ်။ မိဘတွေ ကိုယ်တိုင်က အသက်အရွယ်အားဖြင့် ငယ်ရွယ်သေးတဲ့ ကိုယ့်သမီးတွေကို အသက်ကြီးကြီး အမျိုးသားတွေနဲ့ အတင်းအဓမ္မလက်ထပ်ပေးလေ့ရှိကြပါတယ်။
ကုလသမဂ္ဂရဲ့ အစီ ရင်ခံစာအရဆိုရင်တော့ ကမ္ဘာပေါ်က အသက် ၁၈ နှစ်မပြည့်သေးတဲ့ အမျိုးသမီးပေါင်း ၁၂ သန်း လောက်ဟာ အတင်းအဓမ္မ လက်ထပ်ခိုင်းခံနေရတယ်လို့ ဆိုပါတယ်။
နိုင်ငံအသီးသီးက ဒီအစဉ်အလာတွေကို ကန့်ကွက်နေကြပေမယ့် တချို့နိုင်ငံတွေကတော့ ဒီအစဉ်အလာကို ဆက်လက်ကျင့်သုံး နေကြတုန်းပါပဲ။ လက်တင်အမေရိကနိုင်ငံတွေထဲမှာဆိုရင်လည်း ဒိုမီနီကန်သမ္မတနိုင်ငံ ၊ ဟွန်ဒူးရပ်စ်နိုင်ငံ ၊ အယ်လ်ဆာဗေးဒေါနိုင်ငံနဲ့ ဂွာတီမာလာနိုင်ငံတွေမှာ အရွယ် မရောက်ခင်လက်ထပ်တာတွေကို ဥပဒေတွေနဲ့ တားမြစ်လာပါတယ်။ ဒီလို တားမြစ်လာတာကတော့ ၂၀၁၇ ခုနှစ်လောက်ကတည်းပါပဲ။
ဖော်ပြခဲ့တဲ့ လက်တင်အမေရိကနိုင်ငံ ၄ နိုင်ငံမှာ အမျိုးသမီးတွေကို အသက် ၁၆ နှစ်ပြည့်မှ လက်ထပ်ဖို့ ခွင့်ပြုထား သလို တရားသူကြီးရဲ့ ခွင့်ပြုမိန့်လည်း လိုအပ်ပါသေးတယ်။ တရားသူကြီးက ခွင့်ပြု မှသာ အသက် ၁၆ နှစ်ပြည့်ပြီးတဲ့ အမျိုးသမီးတွေနဲ့အနေနဲ့ အိမ်ထောင်ပြုလို့ရပါတယ်။
အာဖရိက အရှေ့မြောက်ပိုင်းမှာရှိတဲ့ အီသီယိုးပီးယားနိုင်ငံမှာတော့ အခြေအနေကတမျိုးပါ။ ဒီနိုင်ငံမှာနေထိုင်ကြတဲ့ အမျိုးသမီးအများစုကတော့ အရွယ်မရောက်ခင်မှာဘဲ မိဘတွေက သော် လည်းကောင်း ၊ နီးစပ်ရာဆွေမျိုးတွေက သော်လည်းကောင်း အတင်းအဓမ္မလက်ထပ်ပေးလေ့ရှိ တုန်းပါပဲ။
အီသီယိုးပီးယားနိုင်ငံက Mestawet Mekuria ဆိုတဲ့ မိန်းကလေးဟာ အသက် ၁၄ နှစ်သာ ရှိပါသေး တယ်။ သူမရဲ့ အိပ်မက်ကတော့ ဆရာဝန် ဒါမှမဟုတ် စာသင်တဲ့ဆရာမတယောက် ဖြစ်လာဖို့ပါပဲ။ အရွယ်ရောက်လာတာနဲ့အမျှ သူမရဲ့အိပ်မက်တွေကို ခြိမ်းခြောက်နေတဲ့ကိစ္စကို တွေ့လာရပါတယ်။ အဲဒါကတော့ မိဘတွေက အရွယ်မရောက်ခင် အတင်းအဓမ္မလက်ထပ်ပေးဖို့ ကြိုးစားနေတဲ့ကိစ္စပါပဲ။
သူမထင်ထားတဲ့အတိုင်းပဲ အသက် ၁၄ အရွယ်ရောက်လာတော့ မိဘတွေက အတင်းအဓမ္မလက် ထပ်ပေးဖို့ ကြိုးစားလာပါတော့တယ်။ ဒီအစီအစဉ်ကို သူမအနေနဲ့ လက်ခံနိုင်စရာအကြောင်းမရှိပါ ဘူး။ ဒါကြောင့်လည်း အိမ်ကနေထွက်ပြေးပြီး ရဲစခန်းကိုသွားရောက် အကြောင်းကြားခဲ့ပါတယ် လို့ အီသီးယိုးပီးယားနိုင်ငံမှာရှိတဲ့ UNICEF ကို ပြောပြခဲ့ပါတယ်။
အီသီယိုးပီးယားနိုင်ငံရဲ့ စာသင်ကျောင်းတွေမှာ အရွယ်မရောက်ခင်အိမ်ထောင်ပြုရဲ့ အကျိုးဆက် တွေကို သင်ကြားပေးလေ့ရှိပါတယ်။ ဒီသင်ခန်းစာတွေကိုတော့ မိန်းကလေးသီးသန့် သင်ကြားပေး တာဖြစ်ပြီး Mekuria အနေနဲ့လည်း ဒီသင်ခန်းစာတွေကို သင်ကြားခဲ့ရပါတယ်။
ဒါကြောင့်လည်း မိဘတွေက အတင်းအဓမ္မလက်ထပ်ပေးဖို့ကြိုးစားလာတဲ့အခါ အရွယ်မတိုင်ခင်လက်ထပ်တဲ့ အကျိုး ဆက်တွေကိုပြောပြီး ငြင်းဆန်ခဲ့ပါသေးတယ်။ မိဘတွေက လက်မခံနိုင်တဲ့အဆုံးမှသာ သူမ အနေနဲ့ ရဲစခန်းကို သွားရောက်တိုင်ကြားခဲ့ပါတယ်လို့ သူမက ပြောပါတယ်။
အီသီယိုးပီးယားနိုင်ငံမှာ ပြဌာန်းထားတဲ့ဥပဒေအရဆိုရင် လက်ထပ်နိုင်တဲ့အသက်အရွယ်က ၁၈ နှစ် ပြည့်ပြီးမှာသာ ဖြစ်ပေမယ့် ဒီဥပဒေက အီသီယိုးပီးယားနိုင်ငံမှာ အခုချိန်ထိ အသက်မဝင်နိုင်သေးပါ ဘူး။ Mekuria နေထိုင်တဲ့ Amhara ဒေသမှာဆိုရင်လည်း အသက် ၁၈ နှစ်မပြည့်သေးဘဲ အိမ်ထောင်ပြုနေကြတဲ့ အမျိုးသမီးအရေအတွက်က ၅၆ ရာခိုင်နှုန်းရှိပါတယ်။
Mekuria နဲ့ သူမရဲ့မိဘတွေကြားက ပြဿနာကို ကျေးရွာလူကြီးတွေက ဝင်ရောက်ဖြေရှင်းပေးခဲ့တဲ့ အတွက် ပြေလည်မှုရသွားခဲ့ပြီး ပုံမှန်မိသားစုဘဝမှာ ပြန်လည်အခြေကျနေကြပါပြီ။ ဒီလိုဖြစ်လာအောင်လည်း Mekuria အနေနဲ့ သူမရဲ့မိဘတွေကို အချိန်အတော်ကြာကြာယူပြီး အရွယ်မရောက် ခင် လက်ထပ်ခြင်းရဲ့ အကျိုးဆက်တွေကို စိတ်ရှည်လက်ရှည်ရှင်းပြခဲ့ရတယ်လို့ ဆိုပါတယ်။
မိဘတွေဖြစ်တာကြောင့်လည်း သူမကို ကြာရှည်စိတ်မဆိုး နိုင်ကျပါဘူးလို့ Mekuria ကပြောပါ တယ်။
အခုတော့လည်း Mekuria တို့မိသားစုဝင်တွေအကြား ပြေလည်မှုရရှိသွားခဲ့ပါပြီ။ Mekuria အနေနဲ့ လည်း အရွယ်မရောက်ခင်လက်ထပ်တဲ့ဓလေ့ဟာ အန္တရာယ်ရှိတဲ့ကိစ္စဖြစ်တဲ့အကြောင်း တခြားမိန်း ကလေးတွေကို ဆက်လက်သင်ကြားပေးသွားမယ်လို့ ဆိုပါတယ်။
အခုဆိုရင်တော့ သူမဟာ အင်္ဂလန်နိုင်ငံရဲ့ အကူအညီနဲ့ သူမဖြစ်ချင်ခဲ့တဲ့ ဆရာဝန် ဒါမှမဟုတ် ကျောင်းဆရာမ ဖြစ်ဖို့ ပညာဆက်လက်သင်ယူနေပါတယ်။
Ref:globalcitizen