သြစတြေးလျ တောမီးလောင်မှုမှာ ကယ်တင်ခံရပြီး တကမ္ဘာလုံးရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရတဲ့ ကိုအာလာဝက်ဝံလေး လူးဝစ် သေဆုံးသွားပြီလို့ သိရပါတယ်။ အဲဒီဝက်ဝံကို အမျိုးသမီးတဦးက New South Wales မှာ လောင်ကျွမ်းနေတဲ့ တောမီးတွေထဲက ကယ်တင်ခဲ့တာဖြစ်ပြီး ကယ်တင်နေတဲ့ ဗီဒီယိုဟာလည်း တကမ္ဘာလုံးကို ပျံ့နှံ့သွားခဲ့ပါတယ်။
Toni Doherty လို့ အမည်ရတဲ့ အမျိုးသမီးက မီးလောင်နေတဲ့ နေရာမှာ သူမရဲ့ အင်္ကျီကို ချွတ်ပြီး လူးဝစ်ကို ကယ်တင်ခဲ့ပေမယ့် လူးဝစ်ရဲ့ ခန္ဓာကိုယ်မှာ ရှိတဲ့ မီးလောင်ဒဏ်ရာတွေ များလွန်းတာကြောင့် အသက်ကို မကယ်နိုင်ခဲ့ဘူးလို့ တိရစ္ဆာန်ဆရာဝန်က ပြောပါတယ်။
“ကျနော်တို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဒီ အားမဲ့တဲ့ တိရစ္ဆာန်တွေရဲ့ လူမှုဖုံလုံရေးကို နိုင်ငံတော်က တာဝန်ယူ စောင့်ရှောက်မယ့် စနစ်ကို ရှိစေချင်တာပါ”လို့ Port Macquarie Koala ဆေးရုံက တာဝန်ရှိသူက ပြောပါတယ်။
စက်တင်ဘာလမှာ စတင်ဖြစ်ပေါ်တဲ့ တောမီးလောင်မှုတွေကြောင့် သြစတေးလျနိုင်ငံမှာ လူ ၆ ဦး သေဆုံးခဲ့ပြီး နေအိမ်ပေါင်း ၅၀၀ ကျော် ဆုံးရှုံးခဲ့ရတယ် လို့ သိရပါတယ်။ တောတွင်း တိရစ္ဆာန်တွေလည်း အများအပြား သေဆုံးခဲ့ပြီး ကိုအာလာ ဝက်ဝံတွေကတော့ တောမီးရဲ့ ဒဏ်ကို အများဆုံးခံခဲ့ရတယ်လို့ သိရပါတယ်။
ဒီလို တောမီးလောင်မှုကြောင့်လည်း Koala အကောင်ပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့ရတာပါ။
Ref. BBC