အခုရက်ပိုင်းထဲမှာ လူပြောသူပြောများနေတဲ့ အကြောင်းအရာတခုကတော့ တို့ဆေးလို့ အလွယ်တကူခေါ်ကြတဲ့ Ketamine အကြောင်းပါ။ လွန်ခဲ့တဲ့ နှစ်တွေတုန်းကလည်း ဒီ တို့ဆေး ဂယက်ဟာ တော်တော်လေး ရိုက်ခတ်ခဲ့ဖူးပြီး အခုအချိန်မှာတော့ လူပျောက်ဆုံးမှု များလာတာနဲ့အမျှ နောက်တကြိမ် ပြန်လည် ဂယက်ရိုက်လာခဲ့တာပါ။
“တို့ဆေး”လို့ ဒီနိုင်ငံမှာ အလွယ်ခေါ်ကြပေမယ့် သူ့ရဲ့ဆေးပညာအခေါ်ကတော့ Ketamine (ကတ်တမင်း) ပါ။ Ketamine ကို ဆေးဘက်ဆိုင်ရာမှာတော့ အသေးစား ခွဲစိတ်မှုတွေ၊ ထိခိုက်ဒဏ်ရာတွေ ဖြစ်တဲ့အခါ မေ့ဆေးအနေနဲ့ အသုံးပြုကြပြီး အိပ်မပျော်တဲ့ရောဂါတွေ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ကုသရမှာ အသုံးပြုကြပေမယ့် စိတ်ကျရောဂါကုသရာမှ အသုံးပြုဖို့ကိုတော့ FDA ကနေ အတည်ပြုထားတာမျိုး မဟုတ်ပါဘူး။
Ketamine ဟာ အဆီ၊ အရည် စသဖြင့် ပုံစံအမျိုးမျိုးနဲ့ လာပြီး ရှာဖွေရခက်တဲ့ ဆေးအမျိုးအစားမျိုးမဟုတ်တာကြောင့် ဒုစရိုက်မှုတွေ ကျူးလွန်ရာမှာ အများဆုံး အသုံးပြုကြပါတယ်။ ဆေးအာနိသင် ပြချိန်ဟာ မိနစ်ပိုင်းလောက်ပဲ ကြာပြီး အနည်းဆုံး ၃ နာရီကနေ ၄ နာရီလောက်ထိ သတိမေ့သွားတာကြောင့် ဒုစရိုက်မှု ကျူးလွန်ဖို့ လုံလောက်တဲ့ အချိန်ရနေတာလည်း ဖြစ်ပါတယ်။
ဆေးအာနိသင်ဟာ အသားထဲရောက်ပြီး သိပ်မကြာခင်မှာပဲ ကြွက်သားတွေ လေးလံကာ လှုပ်ရှားလို့မရတာ၊ စိတ်ထဲမှာ သိနေပေမယ့် ခန္ဓာကိုယ်က လှုပ်မရတာ၊ အာရုံစူးစိုက်မှု လျော့နည်းလာတာ၊ အမြင်အာရုံတွေ ဝေဝါးလာတာ၊ နှလုံးခုန်နှုန်း နှေးကွေးလာတာ စတာတွေကို ခံစားရနိုင်ပါတယ်။
ဆေးအာနိသင် စပြတဲ့အချိန်နဲ့ ဆေးအာနိသင် ပြယ်သွားတဲ့အချိန်မှာဆိုရင်လည်း ကြားထဲက အဖြစ်အပျက်တွေကို မမှတ်မိတာ၊ သွေးပေါင်ကျလာတာ၊ ခန္ဓာကိုယ် လှုပ်ရှားဖို့ ခက်ခဲလာတာ စတာတွေ ဖြစ်ပေါ်တတ်ပြီး အဆိုးဆုံး ကတော့ ဦးနှောက်ရပ်ဆိုင်းသွားတာ (Coma ) ဝင်တာမျိုးတွေအထိ ဖြစ်နိုင်ပါတယ်။
ဒီဆေးအန္တရာယ်ကနေ ဘယ်လို ကာကွယ်မလဲဆိုတဲ့ နည်းလမ်းမျိုးကတော့ အခုချိန်ထိ သေချာရှင်းလင်းထားတာမျိုး မရှိဘဲ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ သွားသတိ၊ လာသတိ ရှိဖို့ပဲ တိုက်တွန်းချင်ပါတယ်။
Ref. www.medicalnews.com