စက်တင်ဘာလ ၇ ရက်နေ့က အိန္ဒိယ အာကာသလေ့လာရေး အဖွဲ့အစည်းဟာ သူတို့ရဲ့ Vikram လို့ အမည်ရတဲ့ လပေါ် ဆင်းသက်မယ့် Moon lander နဲ့ အဆက်အသွယ် လုံးဝပြတ်သွားခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ သူတို့ရဲ့ Moon Lander ဟာ အကောင်း ပကတိအတိုင်း ရှိနေဦးမယ်လို့ မျှော်လင့်ထားခဲ့ပေမယ့် နာဆာက ကူညီပြီး ရှာဖွေပေးချိန်မှာ မတွေ့ခဲ့ရဘူးလို့ သိရပါတယ်။
“ဆင်းသက်ခြင်းရဲ့ ပထမအဆင့်ဖြစ်တဲ့ လမျက်နှာပြင်အထက် ၃၀ ကီလိုမီတာမှ ၇ ဒဿမ ၄ ကီလိုမီတာအတွင်းမှာ Vikram ဟာ ကောင်းမွန်စွာ အလုပ်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီနောက်ပိုင်းမှာတော့ အဆက်အသွယ်များ ပြတ်တောက်သွားပြီး သူ့ကို မထိန်းညှိနိုင်ခဲ့တော့ပါဘူး။ ရလဒ်အနေနဲ့ Vikram ဟာ ဆင်းသက်ဖို့ ရည်ရွယ်ထားတဲ့ နေရာမှ မီတာ ၅၀၀ တဝိုက်အတွင်း တနေရာမှာ ပျက်ကျသွားပြီးဖြစ်ပါတယ်” လို့ အိန္ဒိယရဲ့ Department of Space မှ ဝန်ကြီးဖြစ်သူ Jitendra Singh က ဆိုပါတယ်။
ရှာဖွေမှုတွေ ၂ လခန့် ပြုလုပ်ပြီးတဲ့နောက်မှာတော့ အိန္ဒိယဟာ သူတို့ရဲ့ လပေါ် ဆင်းသက်မယ့် အစီအစဉ်ကို လက်လျှော့လိုက်ရပြီပဲ ဖြစ်ပါတယ်။ ယာဉ်ဟာ ဘာကြောင့် ပျက်စီးသွားရတယ်ဆိုတဲ့ အကြောင်းအရင်းကို မသိသေးပေမယ့် ဒါဟာ အိန္ဒိယအစိုးရရဲ့ တရားဝင်ထုတ်ပြန်ချက် ဖြစ်တယ်လို့ သိရပါတယ်။
“အခုလို လပေါ်ကို ဆင်းသက်ဖို့အတွက် နည်းပညာပိုင်းဆိုင်ရာ ကြိုးပမ်းမှုများဖြစ်တဲ့ လွှတ်တင်ခြင်း၊ လရဲ့ပတ်လမ်းအတွင်း ဝင်ရောက်ခြင်း၊ ဆင်းသက်ယာဉ် လွှတ်ချခြင်း၊ အရှိန်လျှော့ခြင်း စတာတွေကိုတော့ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်” လို့ Singh က ထည့်သွင်းပြောဆိုပါတယ်။
Vikram အခုလို ပျက်စီးသွားတာကြောင့် အိန္ဒိယနိုင်ငံဟာ အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့ပြီးနောက် လကမ္ဘာပေါ်ကို ဆင်းသက်မယ့် စတုတ္ထမြောက်နိုင်ငံဖြစ်လာမယ့် အခွင့်အရေးကို ဆုံးရှုံးခဲ့ရပါတယ်။
Ref;npr.org