အီတလီနိုင်ငံက လွှတ်တော်အမတ်ဟာ လွှတ်တော် အစည်းအဝေး လုပ်နေချိန်မှာ ချစ်သူကို လက်ထပ်ခွင့်တောင်းခဲ့တယ်လို့ သိရပါတယ်။ အသက် ၃၃ နှစ်အရွယ် အမတ် Flavio Di Muro ဟာ ငလျင်လှုပ်တဲ့အခါ ဘာတွေကို ပြုလုပ်ရမလဲဆိုတဲ့ အဆိုကို လွှတ်တော်မှာ တင်သွင်းရင်း လက်ထပ်ခွင့်တောင်းခဲ့တာပါ။
အဆိုတင်သွင်းမှု တလျှောက်မှာ သူဟာ အခြား လွှတ်တော် ကိုယ်စားလှယ်တဦးကို ဦးတည်အဆို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
“ကျနော်တို့ဟာ နေ့တိုင်း လွှတ်တော်အတွင်းမှာ အစည်းအဝေးတွေနဲ့ အလုပ်တွေ ရှုပ်နေခဲ့တယ်။ တခါတလေဆိုရင် ကိုယ့်ဘဝအတွက် တကယ့် စစ်မှန်သူတွေကိုတောင် အချိန်မပေးမိတဲ့ အထိပါပဲ” စတဲ့ စကားတွေကို ပြောပြီးနောက် သူ့ရဲ့ ချစ်သူ လွှတ်တော်အမတ် Elisa De Leo ကို လက်ထပ်ခွင့် တောင်းခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့ လက်ထပ်ခွင့်ကို ချစ်သူဖြစ်တဲ့ Elisa De Leo ကို လက်ခံခဲ့ပြီး လွှတ်တော်အတွင်းမှာ ပျော်ရွှင်စရာနေ့လေး ဖြစ်ခဲ့တယ်လို့ အခြား လွှတ်တော်အမတ်တွေက ပြောပါတယ်။ သူတို့ နှစ်ဦးဟာ မကြာခင်မှာ လက်ထပ်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
၂၀၁၇ ခုနှစ်ကလည်း သြစတြေးလျနိုင်ငံရဲ့ လွှတ်တော်အတွင်းမှာ အမတ်တဦးက သူ့ရဲ့ ချစ်သူကို လက်ထပ်ခွင့် တောင်းခဲ့ပြီးနောက် ၃ လအကြာမှာ လက်ထပ်ခဲ့တယ်လို့ သိရပါတယ်။ အလုပ်များလွန်းတဲ့ လွှတ်တော်အမတ်တွေ အနေနဲ့ လက်ထပ်ခွင့်ကို လွှတ်တော်အတွင်းမှာ တောင်းကြတာဟာ ကဗျာဆန်တယ်လို့ လူမှုကွန်ရက် အသုံးပြုသူတွေက မှတ်ချက်တွေ ပေးထားကြတာကိုလည်း တွေ့ရပါတယ်။
Ref. theguardian
You may also like these stories:
အီတလီမှာ ကားအတွင်း ကလေးကျန်နေရင် အချက်ပေးမယ့် ကိရိယာတပ်ဆင်ဖို့ ဥပဒေထုတ်ပြန်
ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝဘေးအကြောင်း ကျောင်းသင်ရိုးမှာ ထည့်သင်မယ့် အီတလီနိုင်ငံ