စကော့တလန်ရဲ့ ကမ်းခြေတခုမှာ သောင်တင် သေဆုံးနေတဲ့ ဝေလငါး တကောင်ရဲ့ အစာအိမ်အတွင်းမှာ အလေးချိန် ၂၀၀ ကျော်ရှိတဲ့ ပင်လယ်ပြင် အမှိုက်တွေကို တွေ့ရှိခဲ့ရပါတယ်။ အစာအိမ်အတွင်းက အမှိုက်တွေထဲမှာ ပိုက်ကွန်၊ ကြိုးခွေ၊ ပလက်စတစ်အိတ်၊ ပလက်စတစ်ခွက်တွေနဲ့ လက်အိတ် စတဲ့ အမှိုက်တွေ ပါရှိနေတာ ဖြစ်ပါတယ်။
အဲဒီ ဝေလငါးဟာ Sperm အမျိုးအစားဖြစ်ပြီး နိုဝင်ဘာလ ၂၈ ရက်နေ့ သောင်တင် သေဆုံးတာ ဖြစ်ပါတယ်။ ဝေလငါး သောင်တင်မှုများကို စစ်ဆေးတဲ့ အဖွဲ့ဝင်တွေ ကျွန်းပေါ် မရောက်ခင်ကတည်းက ဝေလငါးဟာ သေဆုံးပြီး ဖြစ်တယ်လို့ အဖွဲ့အစည်းက ထုတ်ပြန်ခဲ့ပြီး ဝမ်းဗိုက်ကို ခွဲကြည့်ရာမှာ အခုလို ပင်လယ်ပြင် အမှိုက်တွေကို တွေ့ရတာ ဖြစ်ပါတယ်။
ကမ်းခြေနဲ့ အနီးအနားမှာ နေထိုင်တဲ့ Dan Parry ဆိုသူကတော့ “ဒါဟာ အရမ်းဝမ်းနည်းစရာ ဖြစ်ရပ်ပါ။ ဗိုက်ကို ခွဲကြည့်တဲ့အခါ ငါးဖမ်းပစ္စည်းတွေကို တွေ့ရတော့ ပို စိတ်မကောင်းဖြစ်မိတယ်။ ကျနော်တို့ မနက်ဘက်တွေမှာ လမ်းလျှောက်ထွက်ရင် ငါးဖမ်းပစ္စည်းတွေ အမြဲသိမ်းဆည်းရတယ်”
“ဒီဝေလငါးရဲ့ ဗိုက်ထဲ ဝင်သွားတာတွေက မုန်တိုင်းအတွင်းမှာ ပျောက်ဆုံးသွားတဲ့ ပစ္စည်းတွေ ဖြစ်နိုင်ပါတယ်။ ဒါက ချွင်းချက်ဆိုပေမယ့် ကျနော်တို့ လူသားတွေကြောင့် ပင်လယ်ရေညစ်ညမ်းမှု ဖြစ်ရတာတော့ အမှန်ပါပဲ”လို့ ပြောပါတယ်။
နောက်ပြီး ဝေလငါး သောင်တင်မှုစစ်ဆေးရေး အဖွဲ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာတော့ “ဝေလငါးရဲ့ ကျန်းမာရေးက ဆိုးရွားနေတာမျိုး မဟုတ်ဘူး။ အစာအိမ်ထဲက အမှိုက် ပမာဏကြောင့် သောင်လာတင်တာပါ။ ဒီအမှိုက်တွေက ဝေလငါးရဲ့ အစာအိမ်ကို ပိတ်ဆို့စေခဲ့တာမျိုး ဖြစ်နိုင်သလို အူလမ်းကြောင်းမှာ သက်ရောက်မှု ရှိနေခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ဘာဖြစ်ဖြစ် အစာအိမ်အတွင်းမှာ ဒီလောက်များပြားတဲ့ အမှိုက်တွေ ရောက်နေတာကတော့ ထိတ်လန့်စရာပါပဲ”လို့ ရေးတင်ထားပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
Ref. BBC
You may also like these stories:
တိရစ္ဆာန်တွေရဲ့ မစင်ကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်လိုက်တဲ့ ဖင်လန်နိုင်ငံ
၂၀၅၀ မှာ ပလတ်စတစ် အန္တရာယ်ကို ရေနေသတ္တဝါတွေ ပိုကြုံတွေ့နိုင်
ပလတ်စတစ် ညစ်ညမ်းမှုကြောင့် သေကြေ ပျက်စီးနေကြရတဲ့ သတ္တဝါများ
ရေထဲ ပြုတ်ကျသွားတဲ့ ဖုန်းကို ကောက်ယူပေးခဲ့တဲ့ ဝေလငါး