အင်္ဂလန်နိုင်ငံရဲ့ ရဲဌာနက မြင်းလေးတကောင်ဟာ မနက်တိုင်း လက်ဖက်ရည်တခွက် သောက်ရမှ အလုပ်ထလုပ်လေ့ ရှိတယ်လို့ သိရပါတယ်။ Jake လို့ အမည်ရတဲ့ အဲဒီမြင်းဟာ ရဲဌာနမှာ အလုပ်လုပ်နေတာ ၁၅ နှစ် ရှိပြီဖြစ်ပြီး အသက်ကတော့ ၂၀ ရှိနေပြီ ဖြစ်ပါတယ်။
မြင်းလေး Jake ဟာ မနက်တိုင်းမှာ လက်ဖက်ရည်တခွက် လာပို့တာကို စောင့်နေတတ်ပြီး မလာဘူးဆိုရင်တော့ အလုပ်ခွင်ထဲကို မလိုက်ဘဲ ပေကပ်ပြီး နေလေ့ရှိပါတယ်။ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ရဲဝန်ထမ်းတွေဟာ Jake ကို ချစ်လွန်းတာကြောင့် မနက်တိုင်း သူနှစ်သက်တဲ့ လက်ဖက်ရည် တခွက် သွားတိုက်လေ့ ရှိပါတယ်။
“Jake က ကျမတို့ မွေးထားတဲ့ မြင်း ၁၂ ကောင်ထဲက ၁ ကောင် ဖြစ်ပါတယ်။ သူက သိပ်ပါးနပ်တယ်။ လူတယောက်လိုပဲ နေထိုင်တတ်တယ်။ သူ့အကြိုက်ဆုံး လက်ဖက်ရည် ပုံစံက နို့လေး နည်းနည်းနဲ့ သကြား ၂ တုံး ထည့်ပြီး ဖျော်တာပဲ။ သကြား ၁ တုံးပဲ ထည့်ပေးလည်း သူကြိုက်တယ် ဆိုပေမယ့် သကြား ၂ တုံးလောက်များ ထည့်ပေးလိုက်ရင် ပျော်ရွှင်နေတော့တာပဲ”လို့ Merseyside ရဲဌာနရဲ့ လေ့ကျင့်ရေးသမား Lindsey Gaven က ပြောပါတယ်။
ရဲဌာနမှာ Jake ရဲ့ တာဝန်ကတော့ ဘောလုံးပွဲတွေ ရှိရင် ကင်းလှည့်ရတာပဲ ဖြစ်ပါတယ်။ အခုအချိန်မှာ Jake ဟာ အသက် ၂၀ နှစ် ရှိပြီ ဖြစ်လို့ သိပ်မကြာခင် ကင်းလှည့်တဲ့ တာဝန်က အနားယူတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ဖက်ရည် အရမ်းကြိုက်တဲ့ မြင်းလေး Jake အကြောင်းဟာ အင်္ဂလန်နိုင်ငံအတွင်းက လူမှုကွန်ရက်အသုံးပြုသူတွေကြားမှာ ရေပန်းစားလျက်ရှိပြီး လူတိုင်းက ချစ်စရာ မှတ်ချက်တွေ ပေးပြီး ချစ်နေကြတယ်လို့ သိရပါတယ်။
နောက်နှစ်မှာ အနားယူမယ့် Jake နဲ့ ပတ်သက်ပြီး ရဲဌာနက တစုံတရာ ပြောထားတာမျိုး မရှိသေးပေမယ့် Jake ကို လက်ဖက်ရည် တိုက်ချင်သူတွေကတော့ စခန်းထဲမှာ အမြဲရှိနေတာကြောင့် အနားယူပြီးချိန်မှာလည်း လက်ဖက်ရည်တော့ သောက်နေရဦးမှာပါလို့ ရဲဌာနရဲ့ တာဝန်ရှိသူက ပြောပါတယ်။
Ref. metro.co.uk
You may also like these stories:
ခရီးသွားအများအပြား လာရောက်လည်ပတ်တဲ့ အင်္ဂလန်နိုင်ငံရဲ့ Tate Modern အနုပညာပြတိုက်
မွန်ဂိုလီးယားကနေ အင်္ဂလန်နိုင်ငံကို ကုလားအုတ် စီးပြီး ခရီးထွက်ခဲ့တဲ့ အမျိုးသမီး
အင်္ဂလန်နိုင်ငံက မူလတန်းကျောင်းတွေမှာ တရားထိုင်ခြင်းကို ကျောင်းသုံးသင်ရိုးအဖြစ် ပြဌာန်း