ထိုင်းနိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ ဧည်သည်တိုင်း နှစ်သက်တဲ့ နာမည်ကျော်ဈေးတွေထဲက Chatuchak ဈေးပုံစံအတိုင်းကို စင်္ကာပူနိုင်ငံမှာ ဖွင့်လှစ်သွားဖို့ စီစဉ်နေပါပြီ။ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၄ ရက်ကနေ မေလ ၃၀ ထိ ထိုင်းဈေးသည်တွေက အပတ်တိုင်း အလှည့်ကျ ဆိုင်ခန်းတွေ ဖွင့်လှစ်ရောင်းချသွားမှာပါ။
စင်ကာပူနိုင်ငံရဲ့ Bukit Timah မှာရှိတဲ့ The Grandstand on Turf Club လမ်းပေါ်မှာ ထိုင်းနာမည်ကျော် Chatuchak ဈေးအတိုင်း ဆိုင်ခန်းတွေကို အပတ်စဉ် အင်္ဂါနေ့ကနေ စနေနေ့ထိ ညနေ ၄ နာရီကနေ ည ၁၀ နာရီခွဲထိ ဖွင့်လှစ်ရောင်းချသွားဖို့ စီစဉ်ထားပါတယ်။
အကျယ်အဝန်း ၄ သောင်းကျော် စတုရန်းပေ နေရာမှာ ဆိုင်ခန်းပေါင်း ၂၇၂ ဆိုင် ဖွင့်လှစ်သွားမှာဖြစ်ပြီး အစားအသောက်၊ လက်မှုပစ္စည်း၊ ဖက်ရှင်၊ အိမ်အလှဆင်ပစ္စည်း၊ ရှေးဟောင်းပစ္စည်း စတဲ့ ဆိုင်တွေကို ထိုင်း ဈေးသည်တွေအပြင် စင်ကာပူက ဒေသခံဈေးသည်တွေပါ ရောင်းချသွားမှာပါ။
ဈေးရောင်းပွဲကို စီစဉ်သူတွေရဲ့ ပြောပြချက်အရ ထိုင်းလူမျိုး ဈေးသည်တွေက တပတ်ကို ဆိုင်ခန်း ၃၀ ကနေ ၅၀ ကြား အလှည့်ကျ ရောင်းချသွားမှာဖြစ်ပြီး စုစုပေါင်း ထိုင်းဈေးသည် ၆၀၀ လောက် လာရောက်ရောင်းချသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံရဲ့ နာမည်ကျော် လမ်းဘေးအစားအစာတွေကို မြည်းစမ်းနိုင်ဖို့အတွက် လာရောက်လည်ပတ်ကြမယ့် ဧည့်သည်တွေအတွက်လည်း ဈေးပွဲတော်မှာပဲ တခါတည်း ထိုင်စားနိုင်အောင် ထိုင်ခုံပေါင်း ရာဂဏန်းကိုလည်း စီစဉ်ပေးထားမှာပါ။
ဒါ့ပြင် လာရောက်မယ့်ဧည့်သည်တွေအတွက် ကားပါကင် အခမဲ့နဲ့ Clementi, Toa Payoh နဲ့ Sixth Avenue က လာမယ့်သူတွေအတွက်လည်း အခမဲ့ Shuttle Bus ဝန်ဆောင်မှုတွေ ထားရှိမယ်လို့ ဆိုပါတယ်။ စင်ကာပူနိုင်ငံမှာ ပြုလုပ်မယ့် Chatuchak ဈေးပွဲတော်ဟာ ထိုင်းနိုင်ငံပြင်ပမှာ ပထမဆုံးကျင်းပတဲ့ ဈေးပွဲတော်လည်း ဖြစ်ပါတယ်။
စင်ကာပူနိုင်ငံမှာ မကြာခင်က ကျင်းပသွားခဲ့တဲ့ ထိုင်းညဈေးကို စင်ကာပူမှာ ပြန်လည် ဆန်းသစ်ထားတဲ့ Artbox ညဈေးဆိုရင်လည်း နိုဝင်ဘာ ၁၅ ကနေ ၁၇ မှာတကြိမ်၊ နိုဝင်ဘာ ၂၂ နေ ၂၄ မှာ တကြိမ် စည်းကားစွာ ကျင်းပခဲ့ပါသေးတယ်။ စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဟောင်ကောင်နဲ့ ထိုင်ဝမ်နိုင်ငံတွေက ဆိုင်ခန်းပေါင်း ၃၀၀ ကျော်နဲ့ အနုပညာရှင်တွေပါ ဖျော်ဖြေပွဲတွေ ပြုလုပ်ခဲ့ပါတယ်။
Ref: CNA
You may also like these stories:
သကြားဓာတ်များတဲ့ အချိုရည်ကြော်ငြာခွင့် ပိတ်ပင်လိုက်တဲ့ စင်ကာပူနိုင်ငံ
ကမ္ဘာအရပ်ရပ်မှာ ကျင်းပနေတဲ့ တရုတ်နှစ်သစ်ကူးပွဲတော်