အိန္ဒိယနိုင်ငံက အမျိုးသားတဦးက သူအချုပ်ကျနေစဉ် နေထိုင်ခဲ့တဲ့ ချန်နိုင်းမြို့က ရဲစခန်းတခုကို Review ရေးပေးခဲ့တာကြောင့် လူမှုကွန်ရက်မှာ ရေပန်းစားနေပါတယ်။ Thirumullaivoyal T10 ရဲစခန်းအကြောင်း ဂူဂဲလ်မြေပုံမှာ Review ရေးပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
သူဟာ အမှုတခုကြောင့် အဖမ်းခံရချိန်မှာ နေခဲ့ရတဲ့ ရဲစခန်းကို ဟိုတယ်တခုလို သဘောထားပြီး အရွှန်းဖောက် Review ရေးခဲ့တာဖြစ်လို့ လူတော်တော်များများက သဘောကျပြီး အချုပ်ကျဖူးသူတွေကလည်း သူတို့ရဲ့ ဖြစ်ရပ်တွေကို လိုက်ပြီး Review ရေးတဲ့အထိ ဖြစ်လာခဲ့ပါတယ်။
“ဒီစခန်းက သန့်ရှင်းပါတယ်။ ပြီးတော့ မိန်းလမ်းပေါ်မှာ ရှိတာဆိုတော့ နေရာကောင်းလေးပေါ့။ ဝန်ထမ်းတွေကလည်း သဘောကောင်းတယ်။ ကျနော်တော့ အနိုင်ကျင့်တာတွေ ဘာတွေ မခံခဲ့ရပါဘူး။ ကျနော့်အမြင်အရ ပြောရရင်တော့ ဘဝမှာ သွားတည်းကြည့်သင့်တဲ့ နေရာပါ”ဆိုပြီး Google Map မှာ ကြယ် ၄ ပွင့်ပေးကာ ဒေသခံနေရာက ရေးပေးခဲ့တာ ဖြစ်ပါတယ်။
လူမှုကွန်ရက် အသုံးပြုသူတွေကလည်း သူတို့ ရောက်ခဲ့ဖူးတဲ့ ရဲစခန်းတွေအကြောင်းကို အရွှန်းဖောက်တဲ့ မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။
အဲဒီထဲကမှ တချို့တော့ ” Check In လုပ်ချင်ရင်တော့ လွယ်ပါတယ်။ ပြဿနာတခုခု ရှာလိုက်ရုံပဲ။ ကျနော်က ကြယ် ၅ ပွင့် ပေးချင်ပေမယ့် Wifi မရတော့ မပေးတော့ပါဘူး။ ခင်ဗျားတို့ အိမ်နဲ့ နီးတယ်ဆိုရင်တော့ လည်ပတ်ချင်စရာ နေရာပါပဲ။ ထမင်းလည်း ၃ နပ်လုံး ကျွေးတဲ့ အပြင် သတ်သက်လွတ်သမားတွေ အတွက် ရွေးချယ်စရာတွေလည်းရှိတော့ ဟန်ကျတာပေါ့”ဆိုတဲ့ Review ကို လူအများက သဘောကျနေကြပါတယ်။
လူငယ်တွေအနေနဲ့ စားသောက်ဆိုင်၊ ဟိုတယ် စတာတွေကိုပဲ Review တွေ ရေးနေမယ့်အစား ရဲစခန်းကို Review ရေးကြတာက ရယ်ရခက်၊ ငိုရခက်ကြီး ဖြစ်နေတယ်လို့ လူမှုကွန်ရက် အသုံးပြုသူတဦးက မှတ်ချက်ပေးထားတာကိုလည်း တွေ့ရပါတယ်။
Ref. indianexpress
You may also like these stories:
အအိပ်မက်သူတွေကို လစာပေးပြီး ငှားရမ်းနေတဲ့ အိန္ဒိယကုမ္ပဏီ
အသက် ၇၀ အရွယ်မှာ ပန်းချီစဆွဲပြီး နိုင်ငံတကာထိ အောင်မြင်လာတဲ့ အိန္ဒိယ အဘွားအို
အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံးရေအိုင်မှာ ငှက်ထောင်နဲ့ချီ သေဆုံးမှု ဖြစ်ပွား