ပင်စင်ယူပြီးသားဖြစ်တဲ့ ဂျပန် အဘိုးအို တဦးဟာ ဆက်သွယ်ရေး ကုမ္ပဏီတခုကို ၈ ရက်အတွင်း အကြိမ်ရေ ထောင်နဲ့ချီ ဖုန်းဆက်ခဲ့တယ်လို့ သိရပါတယ်။
အသက် ၇၁ နှစ်ရှိပြီဖြစ်တဲ့ Akitoshi Okamoto ဆိုသူ ဂျပန်အဘိုးအိုဟာ အခမဲ့ ခေါ်ဆိုခွင့်ရတဲ့ ဖုန်းကို ခေါ်ဆိုပြီး စွပ်စွဲတိုင်ကြားမှုတွေကို ပြုလုပ်ခဲ့တာကြောင့် ဖမ်းဆီးခဲ့ရတာဖြစ်တယ်လို့ ဒေသခံသတင်းတွေမှာ ဖော်ပြထားပါတယ်။
KDDI ကုမ္ပဏီရဲ့ ပြောကြားချက်အရ အဘိုးအိုဟာ ကုမ္ပဏီကို စွပ်စွဲပြောဆိုမှုတွေ ပြုလုပ်ဖို့အတွက် ၂ နှစ်အတွင်းမှာ ဖုန်းခေါ်ဆိုမှု ၂၄,၀၀၀ ခန့် ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“သူက ဖုန်းတွေခေါ်တယ်။ ပြီးရင် ဝန်ထမ်းတွေကို ဆဲဆိုတာတွေ ခြိမ်းခြောက်တာတွေ လုပ်တယ်။ တခါတလေကျရင်လည်း ဝန်ထမ်း တယောက်ယောက်ကို သူ့ကို လာပြီး တောင်းပန်ဖို့အတွက် ပြောလေ့ရှိတယ်။ ကျနော်တို့ဘက်က ဖုန်းချလိုက်ရင်လည်း သူက ချက်ချင်း ဖုန်းပြန်ခေါ်တော့တာပဲ”လို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
KDDI ကုမ္ပဏီအနေနဲ့ အဲဒီအဘိုးအိုကို တရားစွဲဆိုဖို့ စိတ်ကူး မရှိခဲ့ပေမယ့် နောက်ပိုင်းမှာ လုပ်ငန်းခွင်တွေ ထိခိုက်တဲ့အထိ ဖြစ်လာတာကြောင့် ရဲတပ်ဖွဲ့ကို အမှုဖွင့်တိုင်ကြားဖို့ စီစဉ်လိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။ အဘိုးအိုကို စီးပွားရေးလုပ်ငန်းအား လိမ်လည်လှည့်ဖျားကာ အနှောင့်အယှက်ပေးမှုနဲ့ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ တိုကျိုရဲဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
ဂျပန်နိုင်ငံမှာ သက်ကြီးရွယ်အိုတွေနဲ့ ပတ်သက်တဲ့ လူမှုရေး ပြဿနာတွေ အများကြီး ဖြစ်လေ့ရှိပြီး သက်ကြီးရွယ်အိုတွေ သိသိသာသာ များပြားလာခြင်းကြောင့် ဌာနအသီးသီးမှာ ပြဿနာတွေ တက်နေရတယ်လို့ သိရပါတယ်။
ရထားရဲဌာနမှာလည်း သက်ကြီးရွယ်အို တယောက်ရိုက်နှက်မှုကို ဝန်ထမ်းတဦးက မကြာသေးခင်က ခံထားရတယ်လို့ သတင်းပေးပို့မှုတွေရှိခဲ့ပြီး အသက်ကြီးတဲ့ ကားမောင်းသမားများကြောင့် ကားတိုက်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိတယ်လို့ သိရပါတယ်။
Ref. japantimes
You may also like these stories:
မန္တလေးတွင် အချုပ်ကားမှောက် ၁၁ ဦး ဒဏ်ရာရ
ရဲစခန်းကို ကြယ် ၄ ပွင့် အဆင့်ပေးပြီး Review ရေးခဲ့တဲ့ အိန္ဒိယ အမျိုးသား