အစားအသောက် ထုပ်ပိုးရာမှာ ဖောဖောသီသီ အသုံးပြုနေတဲ့ ပလတ်စတစ်အိတ်တွေကြောင့် ကမ္ဘာပေါ်က နေရာတွေနဲ့ သမုဒ္ဒရာတွေမှာ ညစ်ညမ်းမှုတွေ ဖြစ်လာပါတယ်။ အထူးသဖြင့် ပလတ်စတစ်နဲ့ Polystyrene လုပ်ထားတဲ့ စွန့်ပစ်ပစ္စည်းတွေဟာ ပုပ်သိုးဆွေးမြည့်သွားဖို့ ရာစုနှစ်ပေါင်းများစွာ အချိန်ယူရပါတယ်။
ဒါကြောင့် အစားအသောက်ထည့်တဲ့ ဟင်းခွက်ပန်းကန်တွေနေရာမှာ အရသာရှိပြီး စားလို့လည်းရတဲ့ ခွက်တွေနဲ့ အစားထိုးနိုင်အောင် တီထွင်လိုက်ပါတယ်။ တောင်အာဖရိကနိုင်ငံက Startup ကုမ္ပဏီတခုဖြစ်တဲ့ Much Bowls ဟာ ဂျုံပင်ကနေ ပြုလုပ်ထားတဲ့ စားလို့ရတဲ့ ခွက်တွေကို မိတ်ဆက်ပေးလိုက်ပါပြီ။
အသီးအရွက်ကနေ ထုတ်ယူ ပြုလုပ်ထားတာဖြစ်လို့ သက်သတ်လွတ် စားသုံးသူတွေပါ အသုံးပြုနိုင်ပါတယ်။ နောက်ထပ် အားသာချက်ကတော့ စားလို့ပါရတဲ့ ခွက်တွေဟာ ဟင်းရည်ပူ ထည့်ထားမယ်ဆိုရင် ၅ နာရီထိ ထည့်ထားနိုင်ပြီး သူ့သက်တမ်းကတော့ အသုံးမပြုရသေးတဲ့ ခွက်တခုက ၁၅ လလောက် အထားခံပါတယ်။
Much Bowls ကုမ္ပဏီရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ပျော်ပွဲစားထွက်မယ့်သူတွေ၊ ပါတီနဲ့ Event ပွဲတွေအတွက် ရည်ရွယ်ပါတယ်။ လက်ရှိမှာတော့ စားလို့ရတဲ့ ခွက်တွေကို တောင်အာဖရိက၊ ဘယ်လ်ဂျီယံ၊ စင်ကာပူနဲ့ ဒူဘိုင်းက ဟိုတယ်တွေမှာ စတင်အသုံးပြုနေပြီလို့ ဆိုပါတယ်။ စတင်ထုတ်လုပ်ခါစမှာတော့ ပစ္စည်းတွေကို လက်နဲ့ပဲ လုပ်ကြပြီး နောက်ပိုင်း ဝယ်လိုအားများလာတာကြောင့် ၁ နာရီကို ခွက်အလုံး ၅၀၀ လုပ်နိုင်တဲ့ စက်တွေနဲ့ အစားထိုးခဲ့ရပါတယ်။
ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ နှစ်စဉ် ပလတ်စတစ် စွန့်ပစ် တန်ချိန် သန်း ၃၀၀ လောက် ရှိတာကြောင့် ကမ္ဘာ့ လူဦးရေအလေးချိန်နဲ့ ညီမျှပြီး အဲ့ထဲကမှ ၁၄ ရာခိုင်နှုန်းလောက်ပဲ ပြန်လည် သုံးစွဲမှုရှိခဲ့ပါတယ်။
Much Bowls က ရောင်းချတဲ့ ခွက် ၁ လုံးကို အမေရိကန်ဒေါ်လာ ၃၃ ဆင့် ရှိတာကြောင့် ပုံမှန်သုံးနေကျ ပလတ်စတစ်အိတ်တွေထက် ဈေးကြီးတယ်ဆိုပေမယ့် သဘာဝဂျုံပင်ကနေ ထုတ်လုပ်ထားလို့ ပလတ်စတစ်လျော့ချရေး အစား ထိုးသုံးနိုင်တဲ့အပြင် ကျန်းမာရေးအတွက်လည်း သင့်တော်တယ်လို့ Much Bowls တည်ထောင်သူ Georgina de Kock က ဆိုပါတယ်။
“အရင်က ပန်းကန်ပေါ် တင်လို့ရတဲ့ အစားအသောက်မှန်သမျှ ကျမတို့ ထုတ်ထားတဲ့ စားလို့ရတဲ့ ခွက်ပေါ် တင်လို့ ရပါတယ်။ အရွယ်အစားကလည်း လက်တကိုင်စာ အတော်ပါပဲ။ ရှင်တို့အရင်က Taco စားသလိုပေါ့။ Taco ပေါ် တင်ထားတဲ့ အစားအသောက်တွေအပြင် သူ့ကိုပါ ဝါးစားလို့ရတယ်လေ။ ကျမတို့ Much Bowls က ထုတ်တဲ့ ခွက်ကလည်း ဒီသဘောအတိုင်းပါပဲ” လို့ de Kock က ဆိုပါတယ်။
နောက်ပိုင်းမှာတော့ အစားအသောက်ထည့်တဲ့ ခွက်တွေတင်မကဘဲ ဇွန်းတွေ၊ ကော်ဖီခွက်တွေနဲ့ လေယာဉ်ပေါ်မှာ ကျွေးလေးရှိတဲ့ ထမင်းဘူးလို ဘူးတွေပါ ထုတ်သွားဖို့ရှိပါတယ်။ နောက်ပိုင်းမှာ Much Bowls လို စားလို့ရတဲ့ ခွက်တွေ ထုတ်လုပ်လာတဲ့ လုပ်ငန်းတွေ များလာပေမယ့် သူကတော့ တောင်အာဖရိကအခြေစိုက် ပထမဆုံး စတင်ခဲ့တဲ့ ကုမ္ပဏီပါလို့ de Kock က ဆိုပါတယ်။
Ref: edition.cnn
You may also like these stories:
ဝါးစားလို့ရတဲ့ ကော်ဖီခွက်တွေ အသုံးပြုတော့မယ့် နယူးဇီလန် လေကြောင်းလိုင်း
ပလတ်စတစ်အမှိုက်ကို အသုံးပြုပြီး ကလေးတွေအတွက် ခုံတွေ ပြုလုပ်ပေးတဲ့ အင်ဂျင်နီယာ
ရေမှာ ပျော်ဝင်ပျက်စီးသွားနိုင်တဲ့ ပလတ်စတစ်အိတ် အမျိုးအစားကို တီထွင်လိုက်တဲ့ အစ္စရေးနိုင်ငံသူ