မိဘရဲ့ချစ်ခင်နွေးထွေးမှုနဲ့ ပွေ့ဖက်ခံရတဲ့ ကလေးငယ်တွေဟာ သာမန်ထက် ပိုပြီး ဦးနှောက်ဉာဏ်ရည်မြင့်မားကြတယ်လို့ လေ့လာ တွေ့ရှိချက်တွေမှာ ဖော်ပြထားပါတယ်။
သုတေသနပညာရှင်တွေ အဆိုအရ ပွေ့ဖက်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ အထောက်အကူတင်မကဘဲ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ သက်ရောက်မှုရှိကြောင်း၊ ကလေးငယ်တွေကို နွေးနွေးထွေးထွေး ပွေ့ဖက်ခြင်းဟာ မကြာခဏ ဆိုသလို ပြုလုပ်ပေးသင့်တဲ့ အလေ့အကျင့်တခု ဖြစ်ကြောင်း ပြောဆိုထားပါတယ်။
အထိအတွေ့ရဲ့ လှုံ့ဆော်မှုဟာ အရေပြားရဲ့ အာရုံခံအင်္ဂါတွေကနေတဆင့် ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ဉာဏ်ရည်ဉာဏ်သွေးတိုးတက်မှုကို အထောက်အကူပြုတာ ဖြစ်တယ်လို့ လေ့လာမှုစစ်တမ်းတွေမှာ ဖော်ပြထားတာပါ။
ဒီလေ့လာမှုအတွက် အိုဟိုင်းယိုးပြည်နယ်၊ Nationwide ဆေးရုံက ကလေးပေါင်း ၁၂၅ ယောက်ကို သုတေသနစစ်တမ်းတွေ ကောက်ယူခဲ့တာဖြစ်ပြီး ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ထိတွေ့မှုနဲ့ ဦးနှောက်ပိုင်းဆိုင်ရာ သက်ဆိုင်ခြင်း ရှိ၊ မရှိကို စမ်းသပ်ခဲ့ကြတာ ဖြစ်ပါတယ်။
လေ့လာမှု စစ်တမ်းတွေအရ မွေးကင်းစအရွယ်မှာ မိဘဖြစ်သူတွေရဲ့ နူးညံ့တဲ့ အထိအတွေ့နဲ့ ဆက်ဆံမှုကို ကလေးငယ်ရဲ့ ဦးနှောက် မှတ်သားတုန့်ပြန်နိုင်တယ်လို့ သိရပြီး ပွေ့ဖက်ခြင်းကနေ ကလေးငယ်ရဲ့ ဦးနှောက်ပိုင်းဆိုင်ရာ စွမ်းရည်တွေကိုပါ ကောင်းမွန်စွာ တိုးတက်စေနိုင်တယ် ဆိုတာပဲ ဖြစ်ပါတယ်။
အထိအတွေ့ဟာ ကလေးငယ်တွေအတွက် ဦးနှောက်ဖွံ့ဖြိုးမှုရဲ့ ပထမဆုံးအဆင့်ဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ မိခင်နို့တိုက်ကျွေးခြင်း၊ ပွေ့ဖက်ခြင်းနဲ့ အလားတူ အပြုအမူတွေကပါ အထောက်အကူ ဖြစ်စေကြောင်း တွေ့ရှိခဲ့ကြတာပါ။
မိဘဖြစ်သူရဲ့ ထိခိုက်နာကျင်စေခြင်းဟာလည်း ကလေးငယ်ရဲ့ ဦးနှောက်ကို တုန့်ပြန်မှု ရှိစေတာကြောင့် အထူးဆင်ခြင် သတိပြုသင့်တယ်လို့ ဆေးပညာရှင်တွေက အကြံပြုထားပြီး သုတေသန ပရောဂျက်ရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဒေါက်တာ Nathalie Maitre ကတော့ ခန္ဓာကိုယ်ချင်း ထိတွေ့ဆက်ဆံတဲ့အခါမှာတောင် ပွေ့ဖက်ခြင်းနဲ့ လှုပ်ယမ်းခြင်းမှာတင် ဦးနှောက်ပိုင်းဆိုင်ရာ တုံ့ပြန်မှုဟာ ကွာခြားကြောင်း ဖြည့်စွက် ဖော်ပြခဲ့ပါတယ်။
Ref. www.thinkinghumanity.com
You may also like these stories:
ခေါင်းကိုက်တဲ့အခါ နှိပ်နယ်ပေးသင့်တဲ့ နေရာများ
တပတ်မှာ နှစ်ကြိမ်ခန့် မှိုစားသုံးပေးခြင်းက မှတ်ဉာဏ်ချို့ယွင်းမှုကို ကာကွယ်ပေးနိုင်
မေ့တတ်သူတွေဟာ သာမန်ထက်ပိုပြီး ဉာဏ်ကောင်းသူတွေဖြစ်ကြောင်း လေ့လာတွေ့ရှိ
သက်ရှည်ကျန်းမာချင်ရင် ညအိပ်ချိန်ဖုန်းကို ကိုယ်နဲ့အဝေးမှာထားဖို့ ဆေးပညာရှင်တွေ အကြံပြု