Trend

ဘန်ကောက်မြို့မှာ ထင်ရှားတဲ့ ရေပေါ်ဈေးများ

Want create site? Find Free WordPress Themes and plugins.

ရေပေါ်ဈေးတွေကို မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ အင်းလေးဒေသမှာ အထင်အရှား တွေ့နိုင်သလို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာလည်း ထင်ရှားတဲ့ ရေပေါ်ဈေးတွေ ရှိပါတယ်။ အဲဒီ ရေပေါ်ဈေးတွေဟာ နိုင်ငံတကာခရီးသွားတွေ လာရောက်လေ့ရှိတဲ့ နေရာတွေပါ။ ဒါကြောင့်လည်း ဘန်ကောက်မြို့ရဲ့ ထင်ရှားတဲ့ ရေပေါ်တွေဈေးတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) Damnoen Saduak

Damnoen Saduak ရေပေါ်ဈေးကတော့ ထိုင်းနိုင်ငံမှာ သက်တမ်း နှစ်များစွာ ကြာခဲ့ပြီ ဖြစ်ပေမယ့် ဒီရေပေါ်ဈေးဟာ နိုင်ငံတကာ ခရီးသွားတွေ စိတ်ဝင်စားတဲ့ နေရာတနေရာလည်း ဖြစ်ပါတယ်။ စိတ်ဝင်စားကြတဲ့ အကြောင်းကတော့ ဂျိန်းစ်ဘွန်း ဇာတ်ကားကြောင့်ပါ။ ၁၉၇၄ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ “The Man with the Golden Gun” ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတချို့ကို အဲဒီ ရေပေါ်ဈေးမှာ ရိုက်ကူးခဲ့ပါတယ်။

အဲဒီဇာတ်ကား ရုံတင်ပြီးတဲ့နောက်မှာတော့ Damnoen Saduak ရေပေါ်ဈေးကလည်း နိုင်ငံတကာခရီးသွားတွေအကြားမှာ နာမည်ကြီးလာခဲ့ပါတယ်။ နေ့စဉ် မနက် ၇ နာရီကနေ ညနေ ၅ နာရီအထိ ဖွင့်လှစ်ထားတာဖြစ်တဲ့အတွက် ဒေသခံတွေနဲ့ နိုင်ငံတကာ ခရီးသွားတွေ ပျားပန်းခတ် စည်ကားတဲ့ ဈေးပါ။

(၂) Amphawa

ထိုင်းနိုင်ငံရဲ့ နောက်ထပ် နာမည်ကြီး ရေပေါ်ဈေးတဈေးကတော့ Amphawa ရေပေါ်ဈေးပါ။ အဲဒီ ရေပေါ်ဈေးကတော့ ဘန်ကောက်မြို့ အနောက်တောင်ဘက် ၉၀ ကီလိုမီတာ (၅၅ မိုင်ကျော်) မှာ တည်ရှိပါတယ်။ ရှည်လျားတဲ့ တူးမြောင်းတလျှောက်မှာ သစ်သားနဲ့ ဆောက်လုပ်ထားတဲ့ ဈေးဆိုင် အများအပြားကို တွေ့နိုင်ပါတယ်။

ထိုင်းနိုင်ငံရဲ့ အမှတ်တရ ပစ္စည်းများစွာကိုလည်း အဲဒီရေပေါ်ဈေးမှာ ဝယ်ယူရရှိနိုင်ပါတယ်။ Amphawa ရေပေါ်ဈေးကတော့ နေ့တိုင်းဖွင့်တဲ့ဈေး မဟုတ်ဘဲ တနင်္လာနေ့ကနေ ကြာသပတေးနေ့အထိ ပိတ်ပြီး သောကြာနေ့ကနေ တနင်္ဂနွေနေ့အထိသာ ဖွင့်ပါတယ်။ ဈေးဖွင့်ချိန်တွေကတော့ မနက်ခင်း ၁၁ နာရီကနေ ည ၉ နာရီခွဲအထိပါ။

(၃) Taling Chan

ကုန်ပစ္စည်းတွေကို ဈေးနှုန်း ချိုချိုသာသာနဲ့ ရရှိနိုင်တဲ့ Taling Chan ရေပေါ်ဈေးကလည်း ဘန်ကောက်မြို့ အနီးမှာရှိတဲ့အတွက် နိုင်ငံတကာ ခရီးသွားတွေကြားမှာ ရေပန်းစားတဲ့ ရေပေါ်ဈေး တဈေးပါ။ ဘန်ကောက် မြို့လယ်နဲ့လည်း ၁၂ ကီလိုမီတာ (၇ မိုင်ကျော်)သာ ဝေးပါတယ်။ Taling Chan ရေပေါ်ဈေးကတော့ နေ့စဉ် မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိ ဖွင့်လှစ်ထားပါတယ်။

(၄) Khlong Lat Mayom

ဘန်ကောက်မြို့နဲ့ အနီးဆုံးမှာရှိတဲ့ Khlong Lat Mayom ရေပေါ်ဈေးကတော့ အလတ်စား ရေပေါ်ဈေးတဈေးပါ။ ဒီဈေးကိုတော့ ဒေသခံတွေ အလာများပြီး နိုင်ငံခြားသား အနည်းငယ်သာ လာရောက်လေ့ ရှိပါတယ်။ ဗုဒ္ဓဟူးနေ့ တရက်သာပိတ်ပြီး ကျန်တဲ့ရက်တွေမှာတော့ မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိ ဖွင့်လှစ်ထားပါတယ်။

(၅) Bang Nam Pheung

ဘန်ကောက်မြို့လယ်နဲ့ ပိုနီးတဲ့ Bang Nam Pheung ရေပေါ်ဈေးကတော့ ဈေးသေးလေး တခုပါ။ ဒီ ရေပေါ်ဈေးရဲ့ ထူးခြားချက်ကတော့ အစားအသောက် ကောင်းကောင်းတွေကို စိတ်ကြိုက် ဝယ်ယူ စားသောက်နိုင်တဲ့ အခွင့်အရေးပါ။ သောကြာနေ့ကနေ တနင်္ဂနွေနေ့အထိ ဈေးဖွင့်ပြီး အချိန်ကတော့ မနက် ၈ နာရီကနေ နေ့လယ် ၂ နာရီအထိပါ။

Ref: Bangkok.com

Did you find apk for android? You can find new Free Android Games and apps.
Loading