ဒီနေ့ခေတ်ကို “ပညာခေတ်”လို့ ခေါ်လေ့ ရှိပါတယ်။ “ပညာခေတ်”လို့ ခေါ်နေပေမယ့်လည်း ကမ္ဘာပေါ်မှာ မူလတန်းပညာရေးကိုတောင် မပြီးဆုံးခဲ့တဲ့ ကလေးပေါင်းများစွာ ရှိနေပါသေးတယ်။ တချို့ ကလေးတွေကတော့ ကျောင်းဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပါယ်ကိုတောင် နားမလည်လိုက်ဘဲ လုပ်ငန်းခွင်ထဲ ရောက်ကုန်ကြပါတယ်။
ပညာသင်ကြားခွင့် မရခဲ့တဲ့ ကလေးတွေဟာ တတိယကမ္ဘာက ကလေးတွေ များပါတယ်။ ဒုတိယ ကမ္ဘာစစ်အပြီး ကမ္ဘာ ၃ ခု သီအိုရီ ပေါ်ပေါက်လာခဲ့ပါတယ်။ အမေရိကန်၊ ရုရှားစတဲ့ အင်အားလွန်နိုင်ငံတွေကို ပထမကမ္ဘာ၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ စတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေကို ဒုတိယကမ္ဘာနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို တတိယကမ္ဘာလို့ ခေါ်ဝေါ်ခဲ့ကြပါတယ်။ တတိယကမ္ဘာထဲမှာ အရှေ့တောင်အာရှနဲ့ အာရှဒေသအများစုပါဝင်ပါတယ်။
တချိန်က တတိယကမ္ဘာလို့ ခေါ်ဝေါ်ခဲ့ကြတဲ့ တရုတ် ၊ အိန္ဒိယစတဲ့ နိုင်ငံတွေရဲ့ အနေအထားကလည်း အခုဆိုရင် တဖြည်းဖြည်း ပြောင်းလဲလာနေပါတယ်။ “ပညာခေတ်” လို့ လူတွေ သမုတ်နေကြတဲ့ ခေတ်နဲ့ ရင်ဘောင်တန်းနိုင်အောင် လိုက်ပါဆောင်ရွက်နေတာကိုလည်း တွေ့နေရပါတယ်။ ဒါကြောင့်လည်း ရန်ပုံငွေနဲ့ ကျောင်းကားတစီး ဝယ်ယူပြီး ကလေးတွေကို ကျောင်းကြိုကျောင်းပို့ လုပ်ပေးနေတဲ့ အိန္ဒိယကျေးလက်က ဆရာတယောက်ရဲ့ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။
သူ့နာမည်ကို ရာဂျာရမ်းလို့ ခေါ်ပါတယ်။ သူဟာ ဘာရာလီကျေးရွာက မူလတန်းကျောင်းတကျောင်း မှာ သင်္ချာနဲ့ သိပ္ပံဘာသာရပ်ကို သင်ကြားပေးနေတဲ့ ကျောင်းဆရာတဦးပါ။ ဆရာနဲ့ ကလေးတွေဟာ ဘာရာလီကျေးရွာကနေ ၂ မိုင်နီးပါး ဝေးတဲ့ စာသင်ကျောင်းကို နေ့စဉ် လမ်းလျှောက်သွားရလေ့ ရှိပါတယ်။
နောက်ပိုင်းမှာတော့ နေ့စဉ် လမ်းလျှောက်သွားနေရတဲ့ ကလေးတွေရဲ့ ပြဿနာကိုဖြေရှင်းပေးဖို့ ကိုယ်ပိုင်ကား တစီး ဝယ်ယူလိုက်ပြီး ကျောင်းသွားမယ့် ကလေးတွေကိုပါ တပါတည်းခေါ်ပြီး ကျောင်း သွားလေ့ရှိပါတယ်။ ကလေးတွေကို စာတတ်စေချင်တဲ့ ပြင်းပြတဲ့ဆန္ဒရှိသူ ရာဂျာရမ်းရဲ့ အကြောင်းကိုလည်း အိန္ဒိယသတင်းဌာနတွေက ဖော်ပြခဲ့ကြ ပါတယ်။
The News Minute နဲ့ အင်တာဗျူးမှာ ရာဂျာရမ်းက အခုလိုပဲ ဖြေခဲ့ပါတယ်။
“ကလေးတွေနေထိုင်တဲ့ ရွာနဲ့ ကျောင်းအကြားမှာ လမ်းရယ်လို့ မရှိခဲ့ပါဘူး။ ထူထပ်တဲ့တောအုပ်တွေ ကိုဖြတ်သန်းပြီး နေ့စဉ်ကျောင်းတက်နေရတဲ့အတွက် ကလေးတွေမှာ ပြဿနာရှိလာပါတယ်။ သမီး မိန်းကလေးမွေးထားတဲ့ မိဘတွေဆို ကလေးရဲ့လုံခြုံရေးကိုစိတ်ပူတဲ့အတွက် ကျောင်းမတက်ခိုင်း တော့ပါဘူး။ ဒါကြောင့်လည်း ကျောင်းသူအရေအတွက်က ကျဆင်းစပြုလာပါတယ်”
“အိမ်ကနေ ကျောင်းရောက်ဖို့ ကလေးတွေဟာ တရက်ကို ၆ ကီလိုမီတာ (၃မိုင်ကျော်) လမ်းလျှောက်ရလေ့ ရှိပါတယ်။ ကျောင်းသား ကျောင်းသူ အရေအတွက် ကျဆင်းလာတဲ့အတွက်တော့ ကိုယ်ပိုင်ကားဝယ်ပြီး ကလေးတွေကို ကူညီပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်” လို့ ရာဂျာရမ်းက ပြောပါတယ်။
“ကျောင်းတက်တဲ့ကလေးဦးရေ နည်းပါးလာတဲ့အတွက် ကျောင်းပိတ်ရမယ့် အခြေအနေကိုတောင် ရောက်ခဲ့ပါတယ်။ လူအရေအတွက် စစ်ကြည့်လိုက်ရင်လည်း တပတ် တပတ်ကို ၅ ယောက် ၊ ၆ ယောက်လောက် လျော့လျော့သွား ကြပါတယ်။ ဒါကြောင့်လည်း ဒီပြဿနာကိုဖြေရှင်းပေးဖို့ ကျောင်းသားဟောင်းတယောက်ဖြစ်ခဲ့တဲ့ ဗီဂျေးကိုခေါ်ယူပြီး ကလေးတွေအတွက် ကားတစီးဝယ် ယူဖို့ တိုင်ပင်ခဲ့ပါတယ်။ ဒါမှလည်း ကျောင်းသားအရေအတွက် ကျဆင်းနေတာကို ကာကွယ်နိုင်မှာ မဟုတ်လား” လို့ ရာဂျာရမ်းက ပြောပါတယ်။
အဲဒီနောက်မှာတော့ သူတို့ ၂ ယောက်ဟာ Alum ဆိုသူနဲ့ ရန်ပုံငွေ ရှာဖွေခဲ့ကြပါတယ်။ ၆ လ ကြာပြီးနောက်မှာတော့ ကားတစီး ဝယ်ယူနိုင်ခဲ့ပေမယ့် ရန်ပုံငွေ အခြေအနေအရ ကားမောင်းသမား မငှားနိုင်ခဲ့ပါဘူး။ ဒါကြောင့်လည်း ကျောင်းဆရာတယောက်ဖြစ်တဲ့ ရာဂျာရမ်းကိုယ်တိုင် ကားမောင်း သမားတာဝန်ယူပြီး နေ့စဉ် ကလေးတွေကို ကျောင်းကြို ကျောင်းပို့ လုပ်ပေးခဲ့ပါတယ်။
ကျောင်းသွားဖို့ အဆင်ပြေသွားပြီးတဲ့ နောက်မှာတော့ ကလေး ၅၀ ရှိတဲ့ ကျောင်းကလေးဟာ ၉၀ အထိ ဖြစ်လာခဲ့ပါတယ်။ စာသင်ကျောင်းမှာတော့ ရာဂျာရမ်းအပါအဝင် ဆရာ ၃ ယောက်နဲ့ ကျောင်းအုပ်ဆရာမကြီး ၁ ယောက် စုစုပေါင်း ၄ ယောက်သာ ရှိပါတယ်။
ကျောင်းတက်ချိန်ကတော့ မနက် ၉ နာရီခွဲဖြစ်ပြီး ကားအတွက် လိုအပ်တဲ့ ဓာတ်ငွေ့ကိုတော့ ကိုယ်ပိုင်ပိုက်ဆံနဲ့ပဲ နေ့စဉ် ဖြည့်နေရပါတယ်လို့ ရာဂျာရမ်းက အင်တာဗျူးမှာ ဖြေခဲ့ပါတယ်။
Ref: globalcitizen