အခုအချိန်တည်းက ရာသီဥတုပြောင်းလဲလာမှုနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်လာမှုတွေကို သေသေချာချာ ကိုင်တွယ်နိုင်ခြင်း မရှိဘူးဆိုရင် နောင်လာမယ့် မျိုးဆက်တွေရဲ့ ကျန်းမာရေးနဲ့ လူ့သက်တမ်းကို ထိခိုက်စေနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက သုံးသပ်နေကြတာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာဆိုရင်လည်း ရာသီဥတုဆိုးရွားလာမှုကြောင့် ကမ္ဘာတဝှမ်းက လူတော်တော်များများရဲ့ ကျန်းမာရေး အခြေအနေနဲ့ လူ့သက်တမ်းတွေဟာ ထိခိုက်လာနေတာဖြစ်ပြီး ဆေးပညာတိုးတက်မှုဟာဆိုရင်လည်း အမြဲမပြတ် လိုအပ်နေတာပဲ ဖြစ်ပါတယ်။
The Lancet ဆေးပညာဂျာနယ်မှာ ဖော်ပြထားတဲ့ သတင်းအရဆိုရင်တော့ ဒီကနေ့ခေတ်မှာ မွေးဖွားလာတဲ့ ကလေးတွေဟာ သူတို့အသက် ၇၀ ကျော်ဝန်းကျင်အချိန်မှာ ပျမ်းမျှအပူချိန် ၇.၂ ဒီဂရီဖာရင်ဟိုက် (၄ ဒီဂရီဆဲလ်စီးယပ်စ်) မှာနေထိုင်ကြရမှာ ဖြစ်တယ်လို့ ခန့်မှန်းစစ်တမ်းတခု ထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။
ကာဗွန်အပါအဝင် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေတဲ့ တခြားသောဓာတုဓာတ်ငွေ့တွေသာ အခုထုတ်လွှတ်နေတဲ့ ပမာဏနှုန်းထားအတိုင်း ဆက်လက်ထုတ်လွှတ်နေဦးမယ် ဆိုရင်တော့ အနာဂတ်ကာလရဲ့ အပူချိန်ပြောင်းလဲမှုဟာ ကွာခြားမှုနည်းပါးလာမှာပဲ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
စက်မှုလုပ်ငန်းတွေရဲ့ စွန့်ပစ်ပစ္စည်းတွေကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခြင်းမရှိဘူးဆိုရင်တော့ နောင်တချိန်မှာ မွေးဖွားလာမယ့် ကလေးတွေအတွက် ထိရောက်တဲ့ ဆေးပညာ၊ နည်းပညာ အကာအကွယ်တွေလိုအပ်ကြောင်း၊ နောင်လာမယ့်ရာစုနှစ်တွေမှာ လူသားမျိုးဆက်ရဲ့ ကျန်းမာရေးအခြေအနေတွေအတွက် အဓိပ္ပါယ်သတ်မှတ်ချက် အသစ်တွေ ထွက်ပေါ်လာနိုင်ကြောင်း စတာတွေကို The Lancet မှာ ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။
ကမ္ဘာကြီးပူနွေးမှု မြင့်တက်လာတာနဲ့အမျှ ငတ်မွတ်ခေါင်းပါးမှု၊ ကပ်ရောဂါတွေ၊ ကျန်းမာရေးထိခိုက်လာမှုတွေအပြင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတွေကိုပါ ထိခိုက်လာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပြောဆိုထားကြတာပါ။ သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးခြင်းစတဲ့ ပြဿနာတွေပါ ကြုံတွေ့လာနိုင်တယ်လို့ အသေးစိတ်ဖော်ပြထားတာ ဖြစ်ပါတယ်။
Ref. www.intelligentliving.com
You may also like these stories:
လူတိုင်းလက်လှမ်းမီနိုင်သော ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေတရပ် လိုအပ်နေ
စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာ ရှိနေကြောင်းကို ပြသနေတဲ့ အပြုအမူများ
ပဲထောပတ်စားသုံးခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ