၂၀၁၉ ခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံမှာ ပြန်ပေးဆွဲမှုတွေ ပေါ်ပေါက်ခဲ့ပြီး အများဆုံး ပြန်ပေးဆွဲခံရတာကတော့ တရုတ်လူမျိုးတွေ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ တရုတ်လူမျိုး ၃၄ ယောက်သာ ပြန်ပေးဆွဲခံခဲ့ရပေမယ့် ၂၀၁၉ ခုနှစ်မှာတော့ ၅၈ ယောက် ပြန်ပေးဆွဲခံခဲ့ရပြီး ၇၁ ရာခိုင်နှုန်းအထိ ခုန်တက်သွားခဲ့ပါတယ်။ ပြန်ပေးဆွဲခံရတဲ့ တရုတ်လူမျိုးတွေရဲ့ စာရင်းကိုတော့ ဖိလစ်ပိုင်နိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ပေးခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ အလုပ်လုပ်ဖို့ လာရောက်နေကြတဲ့ တရုတ်နိုင်ငံသား အများစုဟာ အွန်လိုင်း လောင်းကစား ဝက်ဘ်ဆိုဒ်တွေမှာ အလုပ်သမားအဖြစ် လုပ်ကိုင်နေကြသလို တရုတ်လူမျိုးတွေကိုသာ ခေါ်ယူ ခန့်ထားတဲ့ တရုတ်လူမျိုးပိုင် ကုမ္ပဏီတွေမှာလည်း အလုပ်သမားတွေအဖြစ် ဝင်ရောက် လုပ်ကိုင်နေကြပါတယ်။
ဒူတာဒေး အစိုးရ လက်ထက်မှာ မနီလာနဲ့ ဘေကျင်းကြား ဆက်ဆံရေး နွေးထွေးလာတဲ့ အတွက်ကြောင့် တရုတ်အလုပ်သမား ထောင်ပေါင်းများစွာ ဖိလစ်ပိုင်နိုင်ငံကို ရောက်ရှိလာခဲ့ကြပါတယ်။ ဒါကြောင့်လည်း ဖိလစ်ပိုင်နိုင်ငံမှာ တရုတ်လူမျိုးတွေဟာ ပြန်ပေးဆွဲ အများဆုံး ခံနေရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက် ညနေခင်းတခုမှာ POGO ကုမ္ပဏီမှာ လုပ်ကိုင်နေတယ်လို့ ယူဆရတဲ့ တရုတ်အမျိုးသမီးတယောက်ဟာ စီးပွားရေးမြို့တော်ဖြစ်တဲ့ မာကာတီမြို့မှာ ပြန်ပေးဆွဲခံခဲ့ရပါတယ်။ မျက်မြင် သက်သေတယောက်ဖြစ်သူက ပြန်ပေးဆွဲခံရတဲ့ ဖြစ်ရပ်ကို ရိုက်ကူးပြီး ဆိုရှယ်မီဒီယာတွေပေါ် တင်ခဲ့တဲ့အတွက် ဒီသတင်းက လျင်လျင်မြန်မြန်ပဲ ပျံ့နှံ့သွားခဲ့ပါတယ်။
ပြန်ပေးဆွဲခံခဲ့ရတဲ့ တရုတ်အမျိုးသမီး လုပ်ကိုင်နေတဲ့ POGO ကုမ္ပဏီကတော့ အွန်လိုင်း လောင်းကစား လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ ကုမ္ပဏီတခုပါ။ တရုတ်နိုင်ငံမှာတော့ အွန်လိုင်း လောင်းကစားကို တားမြစ်ထားပါတယ်။ ဒါကြောင့်လည်း ဘေကျင်းအစိုးရက ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ POGO ကုမ္ပဏီကို ပိတ်ပစ်ဖို့ ဒူတာဒေးအစိုးရကို ဖိအားတွေ ပေးခဲ့ပါတယ်။
POGO ကုမ္ပဏီဟာ တရုတ်နိုင်ငံက အလုပ်သမားတွေ ခေါ်ယူပြီး ဖိလစ်ပိုင်နိုင်ငံမှာ အခြေချနိုင်ဖို့ အတွက် ပိုက်ဆံသန်းပေါင်းများစွာ အသုံးပြုလေ့ ရှိပါတယ်။ အခုလို အလုပ်သမားတွေ ပြန်ပေးဆွဲခံနရတာကလည်း ကုမ္ပဏီကို များစွာ ထိခိုက်နစ်နာစေပါတယ်။
အခုလို ပြန်ပေးဆွဲခံနေရတဲ့ အကြောင်းက ထောင်ပေါင်းများစွာသော တရုတ်လူမျိုးတွေ ဖိလစ်ပိုင်နိုင်ငံကို ပြောင်းရွှေ့အခြေချ နေထိုင်လာတဲ့အတွက်ကြောင့်လည်း ဖြစ်ပါတယ်။ ပြန်ပေးဆွဲခံရတဲ့ တရုတ်နိုင်ငံသားတွေထဲမှာ ကာစီနိုရုံတွေမှာ အလုပ်လုပ်ကိုင်နေကြသူတွေ ပါဝင်သလို တရုတ် ခရီးသွားတွေလည်း ပါဝင်ပါတယ်။
ဒါကြောင့်လည်း ဖိလစ်ပိုင်နိုင်ငံဟာ တရုတ်ပြောင်းရွှေ့ အလုပ်သမားတွေအတွက်သာမက တရုတ် ခရီးသွားတွေအတွက်ပါ သတိကြီးကြီး ထားရမယ့် နိုင်ငံတနိုင်ငံ ဖြစ်လာခဲ့ပါတယ်။
Ref: rappler, scmp
You may also like these stories:
ပါကစ္စတန် အမျိုးသမီး ၆၀၀ ကျော် တရုတ်နိုင်ငံသို့ ရောင်းစားခံရ
အားဖြည့်အချိုရည် မရောင်းလို့ နိုက်ကလပ်ကို မီးရှို့ခဲ့တဲ့ အမျိုးသား