သိပ္ပံပညာရှင်တစုဟာ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်နိုင်မယ့် နည်းပညာသစ်တမျိုးကို ရှာဖွေ တွေ့ရှိခဲ့တယ်လို့ ဒီဇင်ဘာ ၁၂ ရက်က ပြောကြားလိုက်ပါတယ်။ ပလတ်စတစ်တွေကို နေရောင်ခြည်အတု သုံး ပြီး လျှပ်စစ်ထုတ်လုပ်နိုင်မယ့် ဓာတုပစ္စည်းအဖြစ် ပြောင်းလဲနိုင်မယ့် လမ်းစကို တွေ့ရှိခဲ့ကြတာပါ။
ကမ္ဘာနိုင်ငံအသီးသီးမှာ နေ့စဉ်စွန့်ပစ်လိုက်တဲ့ ပလတ်စတစ်တွေကြောင့် ကုန်းမြေပေါ်တင်မကဘဲ သမုဒ္ဒရာ ထဲမှာ တန်နဲ့ချီတဲ့ အမှိုက်တွေ ပုံလာပါပြီ။ ဒါကြောင့် အာရှနိုင်ငံတွေမှာလား စွန့်ပစ်ပလတ်စတစ်ပြဿနာဟာ မဖြစ်မနေ ဖြေရှင်းရမယ့် ကိစ္စရပ်တခု ဖြစ်လာနေပါတယ်။
စင်ကာပူနိုင်ငံက သုတေသီအဖွဲ့ဟာ စွန့်ပစ်ပလတ်စတစ်တွေ လျော့ချနိုင်ဖို့အတွက် နေရောင်ခြည်အတုသုံးပြီး ပလတ်စတစ်တွေကို လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်တဲ့ Formic Acid အသွင်ပြောင်းလဲ ဖန်တီးနိုင်ခဲ့ကြပါတယ်။ အဆိုပါနည်းလမ်းဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိတဲ့အပြင် ငွေကုန်ကြေးကျလည်းနည်းတယ်လို့ ဆိုပါတယ်။
နန့်ယန်းနည်းပညာတက္ကသိုလ်မှာ ဓာတ်ခွဲလေ့လာခဲ့သမျှ ပလတ်စတစ်တွေကို ဓာတုပစ္စည်းတွေနဲ့ရောပြီး နေရောင်ခြည် အတုသုံးကာ ချေဖျက်နိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။ အဆိုပါနည်းလမ်းအရ ပျက်စီးဖို့အတွက် နှစ်ပေါင်း ထောင်ချီကြာမယ့် ပလတ်စတစ်တွေကို ၆ ရက်ထဲနဲ့ ချေဖျက်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ နောက်ပိုင်းမှာ နေရောင်ခြည်အစစ်ကို စမ်းသပ်အသုံးပြုသွားမယ်လို့ ဆိုပါတယ်။
“ကျနော်တို့က မြေပြင်နဲ့ ရေပြင်တွေ ညစ်ညမ်းစေတဲ့ အဓိကတရားခံ စွန့်ပစ်ပလတ်စတစ်အိတ်တွေကို အသုံးဝင်မယ့် ဓာတုပစ္စည်းဖြစ်အောင် ပြောင်းလဲလိုက်နိုင်ပါပြီ” လို့ နန့်ယန်းတက္ကသိုလ်ရဲ့ ၂ နှစ်ကြာ သုတေသန လုပ်ငန်းမှာ ခေါင်းဆောင်ပါဝင်တဲ့ Soo Han Sen က ဆိုပါတယ်။
လက်ရှိမှာတော့ နောက်ထပ်နည်းလမ်းတခုအဖြစ် ပလတ်စတစ်အိတ်ပြဿနာကို ပြန်လည်သုံးစွဲနိုင်မယ့်နည်း လမ်းတွေနဲ့ ဖြေရှင်းတဲ့အခါ အရည်ပျော်ဖို့အတွက် ရုပ်ကြွင်းလောင်စာတွေအသုံးပြုရတာကြောင့် ဖန်လုံးအိမ် အာနိသင်ဓာတ်ငွေ့ ကြောင့် ရာသီဥတုဖောက်ပြန်မှုတွေ ဖြစ်လာရပါတယ်။
နောက်ဆုံးတွေ့ရှိခဲ့တဲ့နည်းလမ်းကတော့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိဘဲ Formic Acid အဖြစ်ပြောင်းလဲနိုင်မယ် ဆိုသော်ငြားလည်း တကြိမ်ကို ပမာဏအနည်းငယ်ပဲ လုပ်နိုင်တာကြောင့် နောက်ပိုင်း တကြိမ်ကို အများကြီး လုပ်နိုင် အောင် ထပ်မံရှာဖွေသွားမယ်လို့ ဆိုပါတယ်။
သုတေသနလုပ်ငန်းကို ပိုကောင်းတဲ့နည်းလမ်းတွေ ရှာဖွေနိုင်ဖို့အတွက် နည်းပညာနဲ့ ငွေကြေးအထောက်အပံ့ တွေ လိုအပ်ပြီး အခုလေ့လာချက်မှာတော့ သိပ္ပံပညာရှင်တွေဟာ ပလတ်စတစ်အသစ်တွေနဲ့ပဲ စမ်းသပ်နိုင်ခဲ့ပါ တယ်။
Ref: CNA