မလေးရှားနိုင်ငံဟာ ကမ္ဘာအရပ်အရပ်က စွန့်ပစ်လိုက်တဲ့ ပလတ်စတစ်အမှိုက်တွေ စုပုံရာ အရပ်ဒေသ အလျင်အမြန် ဖြစ်ထွန်းလာနေပြီဆိုပြီး အခုနှစ်အစောပိုင်းကစလို့ ဒေသတွင်း သတင်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြလာခဲ့ကြပါတယ်။
အခုတော့ နိုင်ငံတကာ ဗီဒီယို ကြည့်နိုင်တဲ့ ဝက်ဘ်ဆိုက် Netflix ကနေ နိုဝင်ဘာလ ၂၇ ရက်နေ့စလို့ ထုတ်လွှင့်ခဲ့တဲ့ “Broken” ဆိုတဲ့ စုံစမ်းထောက်လှမ်းရေး မှတ်တမ်းရုပ်ရှင်ရဲ့ အကြောင်းတခုမှာ ကမ္ဘာ့အမှိုက်ပုံကြီးဖြစ်လာတဲ့ မလေးရှားနိုင်ငံအကြောင်း ဖော်ပြခဲ့ကြပါတယ်။
“Recycling Sham” လို့ ခေါင်းစဉ်ပေးထားတဲ့ အပိုင်းလေးမှာတော့ မှတ်တမ်းရုပ်ရှင်အဖွဲ့ဟာ မလေးရှားနိုင်ငံမှာ လမ်းမြေဖို့ဖို့ သုံးတဲ့ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေအကြောင်းနဲ့ တခါသုံး ပလတ်စတစ် ပစ္စည်းတွေကို ပြန်လည် သန့်စင်ခြင်း မရှိတဲ့အကြောင်း စုံစမ်းထောက်လှမ်းခဲ့ကြပါတယ်။
တရုတ်နိုင်ငံဟာ ကမ္ဘာ့ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေကို ဝယ်ယူ၊ သန့်စင်ပြီး ပြန်လည်ရောင်းချနေခဲ့တာ၂၀၁၇ ခုနှစ်အထိ ဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံက ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေ တင်သွင်းမှုကို ပိတ်ပင်လိုက်ပြီဖြစ်တဲ့အကြောင်း ကြေညာခဲ့ပြီးတဲ့နောက် မလေးရှားက အဲ့ဒီတာဝန်ကို ဆက်လက် ထမ်းခဲ့ရတာဖြစ်ပါတယ်။
အဲ့ဒီမှတ်တမ်းအဖွဲ့ဟာ Perak ပြည်နယ်၊ Ipoh မြို့ကို သွားရောက်ခဲ့ပြီး ပလတ်စတစ် စွန့်ပစ်ပစ္စည်းကနေ ကော်စေ့အဖြစ် ပြောင်းလဲပေးနေတဲ့ သန့်စင်စက်ရုံတခုကို လေ့လာခဲ့ကြပါတယ်။ အဲ့ဒီတော့ မှတ်တမ်းရုပ်ရှင် အဖွဲ့ဟာ ပလတ်စတစ် ပြန်လည် သန့်စင်စက်ရုံတွေက ထိန်းသိမ်းထားနိုင်တဲ့ ပမာဏထက် ကျော်လွန်ပြီး နိုင်ငံအတွင်းကို ပလတ်စတစ်တွေ ပိုမိုစီးဝင်လာတာကို တွေ့ရှိခဲ့ရပါတယ်။
လူမှုအသိုင်းအဝန်းထဲမှ တက်ကြွလှုပ်ရှားသူ တဦးကတော့ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေကို တရားမဝင် စုပုံနေတဲ့ Selangor ပြည်နယ်က Port Klang ဆိပ်ကမ်းကို ခေါ်သွားခဲ့ကြပါတယ်။ Jenjarom မြို့မှာရှိတဲ့ တရားမဝင် စက်ရုံတွေဟာ စွန့်ပစ်ပစ္စည်း အမာတွေကို မီးရှို့လို့ လေထု ညစ်ညမ်းရတဲ့အပြင် မြို့နေလူထုကြားမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကိုလည်း ဖြစ်စေခဲ့တဲ့အကြောင်း မှတ်တမ်းအဖွဲ့က တွေ့ရှိခဲ့ကြပါတယ်။
Netflix ကနေ မလေးရှား စွမ်းအင်၊ သိပ္ပံ၊ နည်းပညာ၊ ပတ်ဝန်းကျင်နဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီး Yeo Bee Yin ထံ အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့ မေးမြန်းတဲ့အခါ အစိုးရဘက်ကနေ မှိုလိုပေါက်နေတဲ့ တရားမဝင် ပြန်လည်သန့်စင် စက်ရုံတွေကို တတ်နိုင်သလောက် ပိတ်ပစ်ဖို့ ကြိုးစားနေတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် မလေးရှားအစိုးရက ပြန်လည် သန့်စင်နိုင်မှု မရှိတဲ့ ပလတ်စတစ် တင်သွင်းမှု အားလုံးကို နောက်ထပ် ၃ နှစ် တားဆီးဖို့ စီစဉ်နေပြီး ၂၀၃၀ ပြည့်နှစ်အရောက်မှာ တခါသုံး ပလတ်စတစ် အားလုံးကို ဖျက်သိမ်းဖို့ စီစဉ်နေတဲ့အကြောင်း အစီအစဉ်မှာ ဖော်ပြခဲ့ပါတယ်။
Netflix မှာ ကြည့်နိုင်ပြီဖြစ်တဲ့ “Broken” အစီအစဉ်မှာတော့ ပလတ်စတစ် အကြောင်းအရာအပြင် အီးစီးကရက်နဲ့ အန္တရာယ်ရှိတဲ့ အလှကုန်ပစ္စည်း ထုတ်လုပ်မှုတွေအကြောင်းကို ထဲထဲဝင်ဝင် စုံစမ်း တင်ပြထားပါတယ်။
Ref: asiaone
You may also like these stories:
မင်းသား ရှရွတ်ခန် ပါဝင်မယ့် အထူးအစီအစဉ်ကို Netflix ကနေ ထုတ်လွှင့်မည်
“13 Reasons Why” စီးရီးမှ ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့ ဇာတ်ဝင်ခန်းကို Netflix ပယ်ဖျက်
ဘယ်လို အကြောင်းအရာတွေကြောင့် ပလတ်စတစ် အသုံးပြုမှုကို လျှော့ချသင့်သလဲ