Trend

ခြေအတု တပ်ဆင်ထားတဲ့ ကြောင်လေး လူမှုကွန်ရက်မှာ ရေပန်းစားနေ

အီတလီနိုင်ငံမှာ ပထမဆုံး နောက်ခြေတု နှစ်ချောင်း အောင်မြင်စွာ တပ်ဆင်ပေးနိုင်ခဲ့တဲ့ အသက် ၆ နှစ်အရွယ် ကြောင်လေး Vito ဟာ လူမှုကွန်ရက် စာမျက်နှာတွေမှာ ရေပန်းစားနေပါတယ်။ Vito သို့မဟုတ် Vituzzo လို့ နာမည်ရတဲ့ ကြောင်လေးဟာ ပိုင်ရှင်တွေ ဟန်းနီးမွန်းထွက်နေချိန်မှာ မီလန်မြို့မှာ ကားတိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ပိုင်ရှင်တွေ ဖြစ်တဲ့ အမျိုးသမီး ဘတ်စကတ်ဘော ကစားသမားအဟောင်း Silvia Gottardi နဲ့ သူမရဲ့လိင်တူဇနီး Linda Ronzon တို့ဟာ သတင်းကို ကြားပြီးပြီးချင်းမှာပဲ ခရီးက ချက်ချင်းပြန်လာခဲ့ကြတယ်လို့ သိရပါတယ်။

ကြောင်လေး Vito လို ခြေထောက်အတု နှစ်ချောင်း တပ်ဆင်ပေးခြင်းလိုမျိုး ခွဲစိတ်ကုသမှုမျိုး ယခင်က အီတလီမှာ လုပ်ဆောင်ပေးနိုင်ခဲ့တာ မရှိခဲ့ပါဘူး။ Vito လို မတော်တဆဖြစ်ခဲ့တဲ့ ကြောင်တွေကို ညင်သာစွာ အသက်ထွက်စေတဲ့ နည်းလမ်းတွေနဲ့သာ စီရင်ခဲ့ကြကြောင်း BBC သတင်းဌာနက ဖော်ပြထားပါတယ်။

Vito ဟာ ယခင်ကလည်း လူမှုကွန်ရက်မှာ ချစ်ခင်မှုများတဲ့ကြောင် ဖြစ်တာကြောင့် အခုလို ခြေထောက်အတု တပ်ဆင်ပြီး အိမ်အတွင်းသွားလာနေတဲ့ ဗီဒီယိုတွေဟာလည်း အားပေးခြင်းကို ခံနေရတာဖြစ်ပါတယ်။ ပိုင်ရှင်တွေက သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ သူတို့နဲ့ ကြောင်လေးနဲ့အတူ တွဲရိုက်ထားတဲ့ပုံကို မိသားစုဓာတ်ပုံဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ထားခဲ့ပါသေးတယ်။

ကြောင်လေးကို အခုလို ခြေတုတပ်ပေးခဲ့တာဟာ အင်္ဂလန်နိုင်ငံမှာ သီးနှံရိတ်စက် တခုကြောင့် ခြေထောက်အတု တပ်ဆင်ခဲ့ရတဲ့ ကြောင်တကောင်ကို အတုယူပြီး တပ်ဆင်ခဲ့တာဖြစ်တယ်လို့ ပိုင်ရှင်တွေက BBC သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Vito ရဲ့ ခြေအတုနဲ့ လမ်းလျှောက်နေတဲ့ ဗီဒီယိုတွေ၊ ခုံပေါ်ကို တက်ပြီး ဆော့ကစားနေတဲ့ ပုံတွေဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့လျက်ရှိပြီး ကြောင်ချစ်သူတွေကြားမှာ ရေပန်းစားနေတာလည်း ဖြစ်ပါတယ်။

Ref. BBC

You may also like these stories:

ကမ္ဘာ့အမှိုက်ပုံကြီး ဖြစ်လာတဲ့ မလေးရှားနိုင်ငံအကြောင်း Netflix ရဲ့ မှတ်တမ်းစီးရီးမှာ ဖော်ပြ

ခြင်တွေကို ဝေးဝေး ပြေးစေနိုင်တဲ့ အိမ်တွင်းစိုက် အပင်များ

Loading